မြစ်ကြီးနား၊ နိုဝင်ဘာ ၂၂
လာမည့် ဒီဇင်ဘာလနှင့်ဇန်နဝါရီလအတွင်း အခြေခံပညာကျောင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲများ စစ်ဆေးသွားရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုညွှန်ကြားချက်အရ ၂၀၁၈ – ၁၉ ပညာသင်နှစ်အတွက် လူရည်ချွန်စာမေးပွဲကို အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းမှ ကျောင်းသားများက ဖြေဆိုရမည်ဖြစ်ကြောင်းသိရပြီး၊ ယင်း လူရည်ချွန် စာမေးပွဲများကို အဆင့်အလိုက် ကျင်းပနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အလေးထား ကြီးကြပ်ဆောင်ရွက်သွားရမည်ဟု ပါရှိသည်။
အဆိုပါ အရည်အချင်းစစ်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတရေးဖြေနှင့် လူတွေ့နှုတ်ဖြေများကို ဖြေဆိုသွားရမည် ဖြစ်သည့်အပြင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု စစ်ဆေးရာတွင် ဒေသအခြေအနေအရ စီစဉ်ဆောင်ရွက်သွားရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။
“စာမေးပွဲ ဖြေဆိုရမယ့် ရက်တွေကတော့ ဗဟိုကနေပဲ ဆွဲပေးလိုက်တယ်။ ဘယ်ရက်၊ ဘယ်ရက်မှာ ဘယ်ဘာသာတွေကို စစ်ရမယ်ဆိုပြီး ညွှန်ကြားချက်တော့ ရောက်နေပါပြီ”ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုညွှန်ဦးသန်းထွန်း (ပညာ) မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။
လူရည်ချွန်စာမေးပွဲကို ဖြေဆိုရန်အတွက် သက်ဆိုင်ရာကျောင်းများ၏ ပထမနှစ်ဝက် စာမေးပွဲတွင် ဘာသာရပ်အလိုက် အများဆုံးရမှတ်၊ ကျောင်းလုပ်ငန်းရမှတ်နှင့် ကာယလှုပ်ရှားမှုရမှတ်ပေါင်း အများဆုံး ကျောင်းသူ ၅ ဦးနှင့် ကျောင်းသား ၅ ဦးကို အတန်းအလိုက် ရွေးချယ်သွားရမည်ဟုလည်း ဦးသန်းထွန်းက ပြောသည်။
“ကျောင်းအဆင့်တို့၊ မြို့နယ်အဆင့်တို့ရဲ့ မေးခွန်းတွေကို ကျွန်တော်တို့ ပြည်နယ်ကပဲ မေးခွန်းတွေ ထုတ်ပြန်သွားမှာပါ။ ကျန်တဲ့ ခရိုင်အဆင့်ကိုတော့ ဗဟိုကနေပဲ မေးခွန်းထုတ်မှာပါ”ဟု ဆရာကြီး ဦးသန်းထွန်းက ပြောသည်။
မြို့နယ်အဆင့် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်း လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာလ ၁၃ ရက်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာနှစ်ဘာသာဖြေဆိုရမည်ဖြစ်ကာ ၁၄ ရက်နေ့တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ၁၅ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုတို့ကို စစ်ဆေးမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်အရ သိရသည်။
ထို့အပြင် ခရိုင်အဆင့် အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်း လူရည်ချွန်စာမေးပွဲများကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ ၁၁ ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ၁၂ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည် ဟုလည်း ပါရှိသည်။
ဆိုင်း(ကချင်မြေ)







