မြစ်ကြီးနား၊ နိုဝင်ဘာ ၁၂
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ တချို့က ဝေခါချောင်း အတွင်း မြေစာများ စွန့်ပစ်နေခြင်းကြောင့် မိုးရာသီတွင် ရေကြီးရေလျှံမှုဒဏ်ကို နှစ်စဉ်ခံနေရကြောင်း ဒေသခံများက ပြောသည်။
မြေစာစွန့်ပစ်ရာတွင် ရွာသူရွာသားများနှင့် တိုင်ပင်ခြင်းမရှိဘဲ မြေစာသွန်ကားများအတွက် လမ်းဖောက်စဉ်ကတည်းက ချောင်းအတွင်းသို့ မြေစာများစွန့်ပစ်ခဲ့ကြောင်း ဝေခါချောင်းရှင်းလင်းရေး လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အမည်မဖော်လိုသူ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“ဒီချောင်းက သူတို့လုပ်ချင်သလို လုပ်နေကြတာပါ။ ကုမ္ပဏီဆိုတာ အကုန်လုံးကို ပိုင်တယ်လေ။ မပစ်ဖို့ တားရင် တားတဲ့သူရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခိုင်းတယ်။ ကျွန်တော်တို့လည်း သူတို့လုပ်ချင်တာလုပ်ပါစေ မပြောတော့ဘူး”ဟု အထက်ပါ ရပ်မိရပ်ဖက ပြောသည်။
ယင်းသို့ စွန့်ပစ်နေမှုအပေါ် သက်ဆိုင်ရာများအနေဖြင့် ခွင့်ပြုထားခြင်း မရှိကြောင်း၊ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ အဆုံးအဖြတ်ဖြင့် ပြုလုပ်၍ရကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။
“ဒီကိစ္စက ကျွန်တော်တို့အနေနဲ့ ခွင့်ပြုထားတာ မဟုတ်သလို စည်ပင်ကလည်း ခွင့်ပြုထားတာ မဟုတ်ပါဘူး။ ဖားကန့်၊ လုံးခင်း ရတနာနယ်မြေ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဆိုတာ ရှိပါတယ်။ ဒီအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်”ဟု ဦးကျော်စွာအောင်က ရှင်းပြသည်။
အထက်ပါအတိုင်း မြေစာပစ်လမ်း ဖောက်လုပ်နေမှုကိုစိမ်းအောင်၊ ယွန်းရွှေရည်၊ နယူးလပ်ကီး စသည့် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီများမှ ပြုလုပ်နေခြင်းဖြစ်ပြီး မြေစာသွန်နေသည်မှာ ၃ နှစ်ရှိပြီဖြစ်ကာ ဥပဒေနှင့်အညီ ခွင့်ပြုထားသည်ဆိုသော်လည်း ကုမ္ပဏီများက လုပ်ငန်းပြီးဆုံးချိန်တွင် စနစ်တကျ ပြန်လည်ရှင်းလင်းဖယ်ရှားပေးခြင်း မရှိကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့ ဆောင်ရွက်နေခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ သတ္တုတွင်းဥပဒေ၊ မြစ်ချောင်းအင်းအိုင်များ ကာကွယ်စောင့်ရှောက်ရေးဥပဒေများကို ချိုးဖောက်ရာရောက်ပြီး ဥပဒေကို ကျော်လွန်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဥပဒေပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။
စည်သူ(မြစ်ကြီးနား)
ဇော်မိုးထက် (ဖားကန့်)







