မတ် ၆
ဝိုင်းမော်မြို့နယ် နှောင်းခူးကျေးရွာရှိဒေသခံများ တောင်ယာလုပ်ငန်း လုပ်ကိုင်နေသည့်တောင်ကို ဦးလဆန်အောင်ဝါအဖွဲ့က ခုတ်ထွင်းရှင်းလင်းလိုက်သည့်အတွက် ထိုသို့ မပြုလုပ်ရန် ဒေသခံများ တောင်းဆိုနေကြသည်။
အဆိုပါ တောင်ပေါ်တွင် နှောင်းခူး၊ ဂွေထု၊ ၀ိုင်းမော်၊ ၀ါးရှောင်၊ မိုင်းနား၊ ၀ူယန်နှင့် နောင်းချိန်းကျေးရွာများမှ ဒေသခံ ၁၀၀ ကျော်က ၎င်းင်းတို့မိသားစု၏ စားဝတ်နေရေးအတွက် တောင်ယာများ လုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ခန့် ရှိနေပြီဖြစ်သောကြောင့် ထိုသို့မဖျက်ဆီးရန် ဒေသခံများက တောင်းဆိုနေကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့ သိရသလောက်က ငှက်ပျောစိုက်ခင်းလုပ်ဖို့အတွက် တရုတ်တွေဆီက ပိုက်ဆံယူပြီး ခြံတွေရှင်းနေတာလို့ သိရတယ်။ အဲဒီတောင်တွေကို တရုတ်တွေကို ရောင်းထားပြီးသားလို့ သိရပါတယ်။ သူတို့က တခြားမှာ သွားလုပ်လို့ရသေးတယ်။ ကျွန်တော်တို့ တောင်သူတွေက လုပ်ကိုင်စားသောက်မယ့်နေရာ မရှိဘူး”ဟု ဒေသခံတောင်သူ ဦးလအောင်က ပြောသည်။
ဂွေထုပြည်သူ့စစ် လက်နက်ကိုင် တပ်ဖွဲ့၏အထက်ပါလုပ်ဆောင်မှုများကြောင့် နှောင်းခူးကျေးရွာမှ ပြည်သူများအနေဖြင့် ယခုနှစ်အတွင်းစားဝတ်နေရေး အခက်တွေ့လာမည်ကို စိုးရိမ်နေကြရသည်ဟု ၎င်းတို့၏ပြောကြားချက်များအရ သိရသည်။
နှောင်းခူးကျေးရွာသည် ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုတွင်ပါဝင်သော ပြေစာမရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ထိုရွာရှိ လယ်ဧက ၁၀၀ကျော်ခန့်တွင် ထက်ဝက်ကျော်ခန့်မှာ ပြေစာရရှိထားပြီးဖြစ်ကြောင်း၊ ယင်းကျေးရွာတွင် နေထိုင်သည့် အိမ်ထောင်စု ၂၀ ခန့်ရှိကြောင်း၊ ၎င်းတို့အပြင် အခြားကျေးရွာမှ လယ်ယာလုပ်ငန်း လာရောက်လုပ်ကိုင်သည့် တောင်သူများသည် မိုးရေလုံလောက်စွာ မရရှိခြင်းကြောင့် အဆိုပါတောင်မှ ရရှိသည့်ရေကို အဓိကအားထားနေရကြောင်း သိရသည်။
“လယ်ကတော့ တောင်ကြားတွေမှာ အများကြီးပဲ။ ပြေစာရထားတဲ့လယ်တွေ ပါသလို မရထားတဲ့ လယ်တွေလည်းပါတယ်။ ကုန်းမြေတွေကတော့ ပြေစာမရှိဘူး။ ကုန်းမြေပြေစာလုပ်ဖို့ မိုင်းနားအုပ်ချုပ်ရေးမှူးကို ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့က လယ်ပဲအဓိက စိုက်ပျိုးကြတော့ ကုန်းမြေမှာ ဘာမှ မစိုက်ထားဘူး။ ဘာမှမစိုက်ထားရင် သူတို့ကလုပ်ပေးလို့မရသေးဘူး စောင့်ဦးပြောလို့ မရသေးတာပါ”ဟု ဦးလအောင်က ပြောသည်။
ထိုသို့ တောင်များအားလုံးရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းလိုက်ခြင်းကြောင့် ရေဝေရေလဲနေရာများ ပျက်စီးကာ လယ်ကွင်းအတွင်း ရေမရရှိတော့သဖြင့် တောင်သူများ၏စိုက်ပျိုးမြေများ ပျက်စီးခြင်း၊ ကုန်းမြေများ ခုတ်ထွင်လိုက်ခြင်းကြောင့် ပျိုးပင်စိုက်ပျိုးမည့် နေရာနှင့် လူနေအိမ်များ ဆောက်လုပ်နိုင်ခြင်း မရှိတော့ခြင်းအပြင် စားကျက်မြေများ ဆုံးရှုံးလာမည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
နှောင်းခူးကျေးရွာရှိတောင်နှင့် ကုန်းမြေများပေါ်မှ သစ်ပင်များကို ခုတ်ထွင်နေခြင်းနှင့် ပတ်သက်၍ “ဟိုတစ်ခေါက်ကကြားရသလောက်တော့ လဆန်အောင်ဝါနဲ့ နောင်းချိန်းကျေးရွာက ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောအဖွဲ့(CF)တွေနဲ့ ပေါင်းပြီးလုပ်တယ်လို့ ဦးလဆန်အောင်ဝါရဲ့ ၀န်ထမ်းတစ်ဦးက ပြောပြတာ ဟုတ်တယ်။ အခုကျတော့ မဟုတ်ဘူး။ အဲဒီလူက အပြောမှားတာဟုတ်တယ်”ဟု ဦးလအောင်က ပြောသည်။
ထိုကိစ်္စနှင့် ပတ်သက်၍“ကျွန်တော်တို့ နောင်းချိန်းကျေးရွာက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖွဲ့(CF)တွေ မပါဘူး။ အဲဒါက ဦးလဆန်အောင်ဝါရဲ့ ကိုယ်စားလှယ်ကို မေးကြည့်တော့ ဦးလဆန်အောင်ဝါက သူကိုယ်တိုင်ခိုင်းတာလို့ ပြောတယ်။ ကျွန်တော်တို့မပါပါဘူး”ဟု နောင်းချိန်းကျေးရွာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(CF)အဖွဲ့မှဥက်္ကဋ္ဌ ဦးဒေါင်လွမ်းက ပြောသည်။
မွန်းမွန်းပန်







