မြစ်ကြီးနား၊ နိုဝင်ဘာ ၂၁
မြန်မာပြည်မြောက်ပိုင်း တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိစေရန် တရုတ်နိုင်ငံက ဆက်လက်ပါဝင် ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang က ပြောကြားလိုက်သည်။
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအတွက် တရုတ်နိုင်ငံသံရုံးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအပြီးတွင် တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပိုးလမ်းမကြီး စီမံကိန်းတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်ရှိနေပြီး ထိုလမ်းမကြီးသည်လည်း ငြိမ်းချမ်းရေးလမ်းကြောင်း တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်ဘက်ကနေ ပေါက်ဖော်အနေနဲ့ ဆက်လက်ပြီး မြန်မာနိုင်ငံကိုကူညီပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းမှုရရှိဖို့ ကူညီသွားမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ တရုတ်-မြန်မာ နှစ်နိုင်ငံ Belt and Road ကိစ္စ ဆောင်ရွက်ရာမှာ အတူတကွလုပ်ဆောင်ရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သမ္မတကြီး မစ္စတာရှီကျင့်ဖျင် ပြောသလို Belt and Road ဆိုတာက ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စဆောင်ရွက်တာက ကချင်ပြည်နယ်အေးချမ်းဖို့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်”ဟု Mr. Hong Liang က ပြောသည်။
ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ များပြားနေရခြင်းက ငြိမ်းချမ်းမှုကို အမြန်ဆုံးလိုအပ်နေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အဟန့်အတားဖြစ်ကြောင်း၊ လူမှုဆိုးကျိုးများကိုလည်း ခံစားနေရကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
“ဒီလို အခြေအနေမျိုးကနေ ရုန်းထွက်နိုင်ဖို့က ငြိမ်းချမ်းရေးက အဓိကဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မရခင်မှာ ဒီလို ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ဖို့ တာဝန်ရှိပါတယ်။ တစ်ဖက်က ငြိမ်းချမ်းရေး အတွက် ကြိုးစားနေရင် တစ်ဖက်ကလည်း ဒီလို ဒုက္ခရောက်နေတဲ့သူတွေကို ပစ်ပယ်ထားလို့ မရပါဘူး။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ ငြိမ်းချမ်းရေးအတွက် လမ်းစတစ်ခုပဲ ဖြစ်ပါတယ်”ဟုလည်း ဒေါက်တာ ဝင်းမြတ်အေးက ဆက်လက်ပြောသည်။
ထို့အပြင် ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကလည်း ၎င်းတို့အနေဖြင့် ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်နေ ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့က မြစ်ကြီးနားမြို့တော်ခန်းမတွင် ကျင်းပသည့် ထိုအခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသံရုံးက စစ်ရှောင်စခန်း ၇ ခုမှ အိမ်ထောင်စု ၁၄၁၆ စုအား ငွေကျပ်သိန်းပေါင်း ၁၆၀၀ ခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ စောင် အစရှိသည့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
စည်သူ(မြစ်ကြီးနား)







