ဝိုင်းမော်တွင် တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကျင်းပ

1430
တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ

မြစ်ကြီးနား၊ မေ ၁၂

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကို ဝိုင်းမော်မြို့ရှိ လော်ဝေါ်ရိုးရာယဉ်ကျေးမှု ဗိမာန်တော်တွင်မေလ ၁၁ ရက်က ကျင်းပခဲ့သည်။

“လူမျိုးဘာသာမရွေး ယဉ်ကျေးမှုမတူကွဲပြားသော မျိုးနွယ်စုများက ရပ်ကွက်တစ်ခုတည်းမှာ စုပေါင်းနေထိုင်ကြတယ်။ အဲလိုစုပေါင်းနေထိုင်ကြတဲ့အခါမှာတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ရည်ရွယ်ပြီး လုပ်တာပါ”ဟု မင်္ဂလာဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးဘီဟောင်းဇယ်ကပြောသည်။

အဆိုပါ မျိုးနွယ်စုများ၏ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကို ညီမျှခြင်းမြန်မာနှင့် မင်္ဂလာဖောင်ဒေးရှင်း အဖွဲ့တို့က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး မိမိတို့၏မျိုးနွယ်စုသမိုင်းကြောင်းပြောကြားခြင်းနှင့် ယဉ်ကျေးမှုအက များ ဖျော်ဖြေတင်ဆက်ခြင်းတို့ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

“အခုလိုလုပ်တာက ကျွန်တော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမှာပါ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး လူမျိုးမတူတူ၊ ဘာသာမတူတူ၊ စကားမတူတူ၊ ဒါပေမဲ့ ဒီလိုလုပ်ခြင်းဟာ ငြိမ်းချမ်းစွာနဲ့ အတူငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ဖို့ပါ”ဟု ဦးဘီဟောင်းဇယ်က ဆက်လက်ရှင်းပြသည်။

ထိုနေ့က ကျင်းပခဲ့သည့် မျိုးနွယ်စုများ၏ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲသည် မင်္ဂလာဖောင်ဒေးရှင်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင်ပါရှိသော  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟုလည်း ဆိုသည်။

“အဓိကက ကျွန်တော်တို့ ငြိမ်းချမ်းစွာ အတူနေထိုင်ရေးပေါ့လေ။ အဲ့တာအဓိကပဲ ကျွန်တော်တို့က နှစ်ပေါင်းများစွာ အတူတကွနေထိုင်ကြတဲ့အတွက် ကျနော်တို့တိုင်းရင်းသားတွေဟာ ပိုပြီးမှ ရင်းနှီးမှုရှိသွားအောင် ရိုးရာယဉ်ကျေးမှုဖလှယ်တဲ့သဘောဟုတ်တယ်။ ပိုပြီးနွေးထွေးမှုရှိအောင်ဆိုပြီး ပါဝင်ကြတာပါ”ဟု  လာရောက်ပါဝင်သည့် တိုင်းလိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ဥက္ကဋ္ဌဦးကျော်မြိုင်က  ရှင်းပြသည်။

အဆိုပါ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲသို့ လီဆူ၊ လော်ဝေါ်၊ ဂေါ်ရခါး၊ လချိဒ်၊ တိုင်းလေ၊ တိုင်းလိုင်၊ ဇိုင်ဝါး၊ ရဝမ်ယဉ်ကျေးမှုအဖွဲ့များနှင့် တရုတ်ယဉ်ကျေးမှုအဖွဲ့တို့ တက်ရောက်ပါဝင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ်ကလည်း မိုင်းနားကျေးရွာတွင်ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

ဆန်လတ်

LEAVE A REPLY

Please enter your comment!
Please enter your name here