၂၀၂၀ နှစ်ဆန်းပိုင်းမှ စတင်ပြီး Pat Jasan အဖွဲ့ လုပ်ရှားမှုပြန်လည်စတင်မည်

3051
pat-jasan-1
ဓာတ်ပုံ - Salai

အောက်တိုဘာ ၁၁
ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan) အဖွဲ့မှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ လှုပ်ရှားမှုများ ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ခွန်တန်ဂွန်းကပြောသည်။

Pat Jasan အဖွဲ့သည် ယခုနှစ်ပိုင်းအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လှုပ်ရှားမှု နည်းပါးလာခဲ့ပြီးနောက် ယခုကဲ့သို့စီမံကိန်းကြီးကြီးဖြင့် ပြန်လည်လှုပ်ရှားမှုများ ပြုလုပ်ရန် လုပ်ဆောင် လာခဲ့ခြင်းဖြစ်သည်။

“၂၀၂၀ နှစ်ဆန်းပိုင်းမှာ ပြန်စပြီးမှ စိတ်ဝင်စားစရာကောင်းတဲ့ အသိပညာလုပ်ငန်းတွေကို ပြန်ပြီးမှ စတင်ဖို့ရှိပါတယ် ဒါက ကျွန်တော်တို့ စီမံကိန်းကြီးကြီးနဲ့ လုပ်ဆောင်ဖို့ရှိတယ်၊ ကိုယ်ရဲ့ (Region) နယ်ပယ်ဒေသ ကော်မတီ၊ Local ကော်မတီစသည်ဖြင့်တော့ သူတို့ရဲ့ စီမံချက်အရ သူတို့လုပ်ဆောင်တာတွေ ရှိတယ်”ဟု ဦးအင်ခွန်တန်ဂွန်းက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ရမည့် အခြေအနေဖြစ်ပေါ်လာသည့်အတွက် အခြေအနေ၏ တောင်းဆိုမှုကြောင့် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီအနေဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

လာမည့်နှစ် လှုပ်ရှားမှုတွင် ထိရောက်သည့်၊ အောင်မြင်သည့် လုပ်ဆောင်မှုကို ပြုလုပ်သွားမည် ဖြစ်ပြီး မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကို အတိအကျပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။
“ဘယ်လိုပုံစံလုပ်ဆောင်မယ်ဆိုတာက ဆွေးနွေးနေတုန်းပဲ။ ပိုပြီးမှ ထိရောက်တဲ့လုပ်ဆောင်မှု၊ အောင်မြင်မှုရလာအောင် ဘယ်လိုလုပ်ငန်းတွေ လုပ်ဆောင်ရင် ကောင်းမလဲ ဆိုတဲ့ဟာကို ဆွေးနွေးနေတုန်းဖြစ်တယ်၊ ဆွေးနွေးပြီး အတည်ပြုပြီဆိုမှ ဒါကိုပြောနိုင်မှာဖြစ်တယ်”ဟု ဦးအင်ခွန်တန်ဂွန်းက ပြောသည်။

Pat Jasan အဖွဲ့သည် ပြီးခဲ့သည် ၂၀၁၅၊ ၂၀၁၆၊၂၀၁၇ ခုနှစ်များတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ကြပြီးနောက် ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် လှုပ်ရှားမှုများ အရှိန်လျော့လာခဲ့ပြီး အမြင်ဖွင့်လုပ်ငန်းများကိုသာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

pat-jasan-
ဓာတ်ပုံ – Salai



“အရင် ခုနှစ်ပိုင်းတွေမှာ တော်တော်ကို လှုပ်ရှားမှုတွေ လုပ်ခဲ့တယ် နောက်ပိုင်းမှာဆိုရင် စစ်ရေးအခြေအနေတွေကြောင့် လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို နည်းနည်း အရှိန်လျှော့ပြီးမှ လုပ်ဆောင်ခဲ့ကြတယ် ခုနောက်ပိုင်းမှာဆိုရင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကို လွန်ခဲ့တဲ့နှစ်မှာဆိုရင် အမြင်ဖွင့်လုပ်ငန်းကို အဓိကထားပြီး လုပ်ဆောင်ခဲ့တာရှိတယ်”ဟု ဦးအင်ခွန်တန်ဂွန်းက ပြောသည်။|

Pat Jasan အဖွဲ့အနေဖြင့် မူူးယစ်ဆေးဝါး တိုက်ဖျက်ခြင်း၊ ရောင်းဝယ်သုံးစွဲသူများအား ဖမ်းဆီးခြင်းများ ရပ်နားခဲ့သည်မှာ ၂ နှစ်ခန့်ရှိခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ဖားကန့်မြို့နယ်တွင် လှုပ်ရှားမှု ပြန်လည်စတင်ခဲ့သည်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား နေသူများနှင့် သုံးစွဲသူများကို ရှောင်တခင် ရှာဖွေ ဖမ်းဆီးခဲ့ရာ သုံးစွဲသူ ၃၃၉ ဦး၊ ရောင်းဝယ်ဖြန့်ဖြူးသူ ၂ ဦးတို့ တွေ့ရှိခဲ့ပြီး ဘိန်းဖြူ ဆပ်ပြာခွက် ၇၉ ခွက်၊ ပင်နယ်ဆလင် ပုလင်း ၆၇ ပုလင်း ရာမဆေးပြား ၇၀၁၃ ပြားကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲသူ ၃၀၀ ကျော်အားမူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လွတ်မြောက် နိုင်မည့် နည်းလမ်းများကို အသိပညာပေးကာ ပြန်လွှတ်ပေးခဲ့ပြီး ရောင်းဝယ်ဖောက်ကားသူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချမှုများရှိနေပြီး ဖားကန့်ဒေသရှိ တာဝန်ရှိသူများအား မခန့်လေးစားပြုလုပ်နေခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)မှအတွင်းရေးမှူး ဦးဘရန်နန်မှ မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောကြားထားသည်။

“တာဝန်ရှိသူတွေကို မခန့်လေးစားလုပ်ရာ ရောက်တယ်။ ဒေသခံတွေကို စော်ကားရာရောက်တယ်။ ဒီလိုရောင်းနေတာကို ကျွန်တော်တို့အနေနဲ့ မလိုချင်ဘူး။ ရဲတွေတာဝန်ရှိသူတွေ မဖမ်းဘူးလားဆို ဖမ်းတယ်။ ပြီးရင် နောက်နေ့ပြန်ရောင်းတယ်။ ဒါကြောင့် လူထုအင်အားနဲ့ ဖမ်းတာပါ”ဟု ဦးဘရန်နန်မှ မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan) အဖွဲ့သည် ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လူထုအင်အားဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်အတွင်းတွင် တနိုင်း၊ ပူတာအို၊ ဝိုင်းမော် မြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧကပေါင်း ၆၀၀၀ကျော်တို့ကို သွားရောက်ဖျက်ဆီးနိုင်ခဲ့သည်။

နှစ်စဉ် ဧပြီလ ၂၅ ရက်နေ့ကိုလည်း ကချင်အမျိုးသား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ (Kachin Anti Drug Day) နေ့အဖြစ် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် နှစ်စဉ်ကျင်းပလျက်ရှိနေသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here