နေအိမ်မီးလောင်သွားသည့် လွန်နူးကျေးရွာက အိမ်ထောင်စု ၁၆ စု စားစရာနှင့် နေရာထိုင်ခင်း လိုအပ်နေ

262

 

ဇူလိုင်၊၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ လွန်းနူးကျေးရွာက အိမ်ထောင်စု ၁၆ စုရဲ့ နေအိမ်တွေမီးလောင်သွားတဲ့အတွက် အစားအစာနဲ့ နေရာထိုင်ခင်း ခက်ခဲနေကြပါတယ်။

တောင်ပေါ်ဒေသဖြစ်တာကြောင့် အိမ်တွေပြန်ဆောက်ဖို့အတွက် သစ်၊ဝါးတွေနဲ့ သက်ကယ်တွေရယူဖို့ အခက်အခဲဖြစ်နေပြီး နီးစပ်ရာ အသိမိတ်ဆွေရဲ့ နေအိမ်တွေမှာ ခိုလှုံနေရတယ်လို့ လတ်တလော ကူညီပေးနေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အလှူရှင်နဲ့ပတ်သက်ပြီး အခုထိခက်ခဲနေတယ်။ အဓိကတော့ စားသောက်ကုန်ပစ္စည်းတွေပေါ့၊ နောက်ပြီး အဝတ်အစားတွေပေါ့။ တောင်ပေါ်ဒေသ ဖြစ်တဲ့အတွက်ကြောင့် ပိုက်ဆံပေးရင်တောင် သူတို့ဝယ်စားမယ့်နေရာမရှိဘူး။”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိအချိန်မှာ ခမ်းတီကက်သလစ်ဘုန်းတော်ကြီးတစ်ပိုင်ကနေကူညီပေးနေပေမဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရွာအတွင်းရှိ နေအိမ်တစ်အိမ်မှာ ထမင်းချက်ပြီး မီးသေချာမငြှိမ်းသတ်တာကြောင့် အဲဒီနေအိမ်အပါအဝင်စုစုပေါင်းနေအိမ် ၁၆ လုံးနဲ့ စပါးကျီ ၁၃ ခု မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်။

နေအိမ်အတွင်း ပစ္စည်းတွေအားလုံးနီးပါး မီးလောင်တဲ့ထဲ ပါသွားတာကြောင့် အခုအချိန်မှာ အစားအစာ၊ စောင်နဲ့ အဝတ်အထည်တွေအပြင် အခြားအသုံးအဆောင်ပစ္စည်းတွေကအစ လိုအပ်နေတာ ဖြစ်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လွန်းနူးကျေးရွာဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတစ်ခုဖြစ်သလို ဖုန်းဆက်သွယ်ရေးလည်း ခက်ခဲပြီး နာဂတိုင်းရင်းသားမျိုးနွယ်တွေ အိမ်ခြေ ၉၀ ကျော်နေထိုင်နေတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

မီးဘေးသင့်နာဂတိုင်းရင်းသားတွေကို ကူညီပေးလိုတဲ့ အလှူရှင်တွေအနေနဲ့ Father Robert လဝေါ်မ်ရဲ့ ဖုန်းနံပါတ် ၀၉-၂၅၉ ,၄၁၃,၀၄၁ သို့ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here