ကျပ် ၂၀,၀၀၀ တန်ဂယက်နှင့် ကချင်ပြည်နယ် စျေးကွက်အခြေအနေ

312

ဇူလိုင်၊၃၁

စစ်ကောင်စီကနေ ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမယ်ဆိုတဲ့သတင်းကို သူတို့ပိုင်တဲ့ မီဒီယာတွေကနေ ထုတ်ပြန်လိုက်တဲ့ အချိန်ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်လှုပ်ခတ်မှုတွေ ရှိသွားတဲ့အပြင် ပြည်တွင်းက ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေကစလို့ လူအသုံးအဆောင်ပစ္စည်းတွေ၊ ရွှေဈေးတွေနဲ့ အိမ်ခြံမြေဈေးတွေကအစ ဈေးတွေမြင့်တက်သွားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာလည်း အဲဒီငွေစက္ကူ ၂၀,၀၀၀ ကျပ်တန် ထုတ်ဝေမယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် တခြားဒေသက ဝင်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ ရွှေဈေး၊ အိမ်ခြံမြေဈေးတွေလည်း အရင်ထက်ပိုပြီး ဈေးမြင့်တက်သွားခဲ့ပါတယ်။

လက်ရှိမှာ အောက်ပိုင်းဒေသကလာတဲ့ ပေါ်ဆန်းမွှေး၊ ဧရာပဒေသာ ၊ ဧရာမင်း စတဲ့ ဆန်ချောအမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်ငါးထောင်၊ မနောသုခ ၊ ရွှေဝါထွန်း စတဲ့ဆန်ကြမ်းအမျိုးအစားတွေကတော့ ကျပ်သုံးထောင်လောက် မြင့်တက်လာတာတယ်လို့ ကချင်ပြည်နယ် ဆန်စပါးကုန်သည်များအသင်းရဲ့ တာဝန်ရှိသူ ဦးချစ်လွင်က ပြောပါတယ်။

“အချောတွေဆိုရင် ငါးထောင်ဝန်းကျင်လောက်တက်တယ်။ အကြမ်းကတော့ ၂ ထောင်၊ သုံးထောင်လောက် တက်တယ်။ ကချင်ပြည်နယ်ထွက်တဲ့ဆန်က သိသိသာသာ မတက်ဘူး။ နဂိုစောစောပိုင်းက တက်ထားတဲ့အတိုင်းလောက်ပဲ။” လို့ ဦးချစ်လွင်က ဆိုပါတယ်။

ကချင်ပြည်နယ်ကထွက်တဲ့ ချင်းတုံး၊ ငွေတိုး၊ လုံးသွယ်မွှေး စတဲ့ဆန်အမျိုးအစားတွေကတော့ သိသိသာသာ ဈေးမြင့်တက်တာမရှိပေမဲ့ လက်ရှိ မြစ်ကြီးနားမြို့မှာ ငွေတိုးသန့်စင်ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်နဲ့ ချင်းတုံးသန့်စင် တစ်အိတ်ကို ကျပ် ၉ သောင်းခွဲ ဝန်းကျင်ဈေးရှိတယ်လို့လည်း ဆိုပါတယ်။

စပါးစပေါ်ချိန်ကတည်းက ကချင်ပြည်နယ်ကထွက်တဲ့ စပါးတွေကို တခြားတိုင်းဒေသတွေက လာရောက်ဝယ်ယူတာတွေ များပြားခဲ့တာကြောင့် စပါးလက်ကျန်နည်းလာပြီး လိုသလောက်ဝယ်ယူလို့မရတဲ့အတွက် ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူထုတ်မယ်ဆိုတဲ့ သတင်းတွေမထွက်ခင်ကတည်းက ကချင်ပြည်နယ်အတွင်းကနေ ထွက်ရှိတဲ့ဆန်တွေဟာ တောက်လျှောက် ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သယ်ယူခွင့်တင်းကြပ်ထားတဲ့ မြို့နယ်တွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဘက်မှာဆိုရင် မြစ်ကြီးနားမြို့မှာ ကျပ်တစ်သိန်းဝန်းကျင်လောက်ရှိတဲ့ ဆန်တစ်အိတ်ဟာ ကျပ်နှစ်သိန်းဝန်းကျင်လောက်အထိ ပေါက်ဈေးရှိနေတာပါ။

အဲဒါကြောင့် တချို့ငွေကြေးအဆင်မပြေတဲ့ မိသားစုတွေဟာ ဆန်ကို အိတ်လိုက်မဝယ်စားနိုင်တော့ဘဲ ပြည်ချိန်နဲ့သာဝယ်ယူစားသုံးနေကြတယ်လို့လည်း ချီဖွေမြို့မှာနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သုံးလေးပြည် တစ်ခါဝယ်စားလိုက် ကျန်တဲ့ ပိုက်ဆံကို ဟင်းဖိုးဝယ်စားလိုက်နဲ့ အဲဒီလိုမျိုးလုပ်နေကြတယ်။ ညီမလည်း အဲဒီလိုလုပ်နေတာ။”လို့ အထက်ပါ ချီဖွေဒေသခံက သူ့ရဲ့အခက်အခဲကို ပြောပါတယ်။

ချီဖွေမြို့တွင်းမှာ ရိုးရိုးငွေတိုးဆန်တစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၈၀,၀၀၀ ကျပ်အထိ ရောက်ရှိသွားပြီဖြစ်ပြီး ကျပ် ၅,၀၀၀ တန် ဆန်တစ်ပြည်က အခုအချိန်မှာကျပ် ၆,၀၀၀ ဝန်းကျင်ကို ရောက်ရှိသွားပြီးတော့ အဲဒီမြို့အထက်မှာရှိတဲ့ ဆော့လော်မြို့မှာကတော့ ကျပ် ၂၀၀,၀၀၀ အထက်ရောက်ရှိနေပြီလို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့မှာဆိုရင်လည်း ကုန်ဈေးနှုန်းတွေဟာ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ရာဂဏန်းကနေ ထောင်၊ သောင်းကဏန်းအထိ အခုရက်ပိုင်း တက်သွားတယ်လို့ အိမ်ရှင်မတွေနဲ့ ထမင်းဆိုင်ဖွင့်ထားတဲ့သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

လက်ရှိမှာတော့ အခြေခံကုန်ဈေးနှုန်းတွေဖြစ်တဲ့ ငရုတ်သီး နို့ဆီဗူးတစ်ဗူးကို ၅၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ်ဝန်းကျင်၊ ပြည့်ဝစားသုံးဆီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်၊ ဂွတ်ဒီနေကြာ စားသုံးဆီ တစ်ပိဿာ ၂၈,၀၀၀ ကျပ်၊ ABC ပဲငံပြာရည်တစ်ပုလင်းကို ၁၀,၀၀၀ ကျပ်၊ ဖွဲနုတစ်တင်းခွဲတစ်အိတ် ၄၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ဈေးနှုန်းတွေက တစ်ရက်နဲ့တစ်ရက်မတူဘဲ နေ့တိုင်း အပြောင်းအလဲရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီး တစ်ပိဿာကို ၂,၈၀၀ ကျပ်ဝန်းကျင်၊ အာလူးတစ်ပိဿာ ၄,၀၀၀ ကျပ်ဝန်းကျင်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ကြက်သွန်နီ တစ်ပိဿာ ၅,၀၀၀ ကျပ်ဝန်းကျင်၊ သကြားတစ်ပိဿာ ၄,၀၀၀ ကျပ်၊ ငရုပ်သီးခြောက်တစ်ပိဿာ ၉,၀၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။

အိမ်ကြက် တစ်ပိဿာ ၂၅,၀၀၀ ကျပ်ဝန်းကျင်၊ ဝက်သား တစ်ပိဿာ ၂၅,၀၀၀ ကျပ်ဝန်းကျင်၊ အမဲသား တစ်ပိဿာ ၂၀,၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဝါငါးကြင်း အကောင်လိုက်ဈေး တစ်ပိဿာ ၁၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ ဖြတ်ခုတ်သားဈေးတစ်ပိဿာ ၁၅,၀၀၀ ကျပ်ဝန်းကျင်ရှိတယ်လို့ သိရပြီး ဈေးနှုန်းအပြောင်းအလဲ ရှိတယ်လို့ သိရပါတယ်။

ငွေကြေးတန်ဖိုး ကျဆင်းလာတာနဲ့ ရွှေ၊ အိမ်ခြံမြေနဲ့ လိုင်စင်ကားတွေသာမက ဒေါ်လာဈေးတွေကို အဓိက ထားဝယ်ယူတာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

နယ်ဒေသတွေဘက်မှာ အိမ်ခြံမြေဈေးကွက်ဟာ ကျန် ရွှေ၊ ဒေါ်လာနဲ့ လိုင်စင်ကားတွေထက် ပိုပြီး အရောင်းအဝယ် ပြုလုပ်ကြတာဖြစ်တဲ့အတွက် နိုင်ငံရေး အရွေ့၊ အပြောင်းအလဲကြားထဲမှာ ဈေးမြင့်တက်တာတွေ ဖြစ်သွားတာလို့ မြစ်ကြီးနားမြို့က မနောဥယျာဉ် အိမ်မြေအကျိုးဆောင် ဦးခွန်မြတ်မင်းအောင်က သုံးသပ်ပြောကြားပါတယ်။

“နယ်တွေမှာကြတော့ ၈၀ ရာခိုင်နှုန်းသောသူတွေက မြေပေါ်မှာ ဩ(ရင်းနှီးမြှုပ်နှံ) လိုက်တယ်။ စီးပွားရေးရဲ့ သဘောသဘာဝကြတော့ အရောင်းအဝယ်တွေ များတဲ့အခါကြတော့ ဝယ်တယ်၊ ရောင်းတယ် ပေါ့နော်။ နေဖို့မဟုတ်ဘဲနဲ့ ရောင်းတဲ့ ဈေးကွက်တစ်ခု ထွက်လာတာပေါ့နော်။ ဆင့်ကဲဆင့်ကဲ ရောင်းတဲ့ပေါ်မှာ မူတည်ပြီးတော့မှ ဈေးတွေက တက်လာတာပေါ့။ ဒါက စီးပွားရေးရဲ့ သဘောသဘာဝတစ်ခု၊ ပုံမှန်ဖြစ်နေတဲ့ လက်ရှိအရွေ့မှာဖြစ်သွားတဲ့ အိမ်ခြံမြေဈေးတက်တယ်ဆိုတဲ့ ကိစ္စလေးပေါ့နော်။”လို့ ဆိုပါတယ်။

နောက်ထပ်အနေနဲ့ လတ်တလောမှာ ထုတ်ပြန်လိုက်တဲ့ နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် အကျိုးဆောင်တွေလက်ထဲ အပ်ထားတဲ့ အိမ်ခြံမြေတွေကို အိမ်ရှင်၊ ခြံရှင်တစ်ချို့က အရောင်းပိတ်လိုက်တာမျိုးတွေရှိပြီး တချို့က ဈေးတွေဆွဲတင်တာတွေရှိတယ်လို့လည်း ဦးခွန်မြတ်မင်းအောင်က ဆက်လက်ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ ဒီနှစ်အတွင်းမှာ အရင်ကထက် ပိုမြင့်လာခဲ့ပြီး ငွေရှင်တွေက လက်ထဲမှာ ပိုက်ဆံကို မထားချင်ကြတဲ့အတွက် နယ်မှာအများပိုင်းအလွယ်တကူရောင်းဝယ်နိုင်တဲ့ အိမ်ခြံမြေတွေကို အဝယ်လိုက်ပြီး ပြန်လည်ရောင်းချတာတွေပြုလုပ်နေကြတာလို့ သိရပါတယ်။

ဒါ့အပြင်ရွှေဈေးလည်း တည်ငြိမ်မှုမရှိတဲ့အတွက် မြစ်ကြီးနားမြို့က ရွှေဆိုင်ကြီးတွေလည်း လတ်တလော အများပိုင်း ပိတ်ထားကြတဲ့အတွက် ရွှေရောင်းဝယ်မှုလည်း ပါးနေတယ်လို့ သိရပါတယ်။

အရင်က မြစ်ကြီးနားမြို့မှာ ရွှေဈေးနှုန်းကို ရွှေဆိုင်ပိုင်ရှင်တွေအားလုံးက တိုင်ပင်ပြီး ဈေးတစ်ခုသတ်မှတ်ပြီးတော့ ရောင်းချတာတွေ၊ ဝယ်တာတွေပြုလုပ်ခဲ့ကြပေမဲ့ ဒီရက်ပိုင်းမှာ ရွှေဈေးသတ်မှတ်ရောင်းချလို့ မရတဲ့ အခြေအနေနဲ့ ကြုံနေရကြောင်းလည်း မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နှစ်သောင်းတန်ငွေစက္ကူကို အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူထဲမှ ဟောင်းနွမ်းပြီး သုံးစွဲဖို့မသင့်တဲ့ ငွေစက္ကူတွေကိုလည်း တန်ဖိုးတူ လဲလှယ်ပေးတဲ့ ပုံစံနဲ့ဖြန့်ဝေသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပါတယ်။

ဒါ့အပြင် လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ ငွေအကြွေတွေဟာလည်း တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေဦးမယ်လို့လည်း သိရပါတယ်။

အဲဒီ ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကနေ တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက်နေ့က ကြေညာထားပါတယ်။

စစ်ကောင်စီက “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးစီးမှု အထမ်းအမှတ်ဆိုပြီး ငွေစက္ကူထုတ်ဝေတာ ဖြစ်ပေမဲ့ ဒါဟာ ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဆင်နွှဲလျက်ရှိတဲ့ တိုက်ခိုက်မှုတွေကို စဉ်ဆက်မပြတ်ကျူးလွန်နိုင်ဖို့ လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေကို အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် ငွေစက္ကူအသစ် ထုတ်ဝေတာလို့လည်း NUG က ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူနေရာမှာ ခြင်္သေ့မင်းရုပ်ပုံပါ ငွေစက္ကူတွေဖြစ်တဲ့ ၁, ၅, ၁၀, ၂၀, ၅၀, ၁၀၀, ၂၀၀, ၅၀၀, ၁၀၀၀ ကျပ်တန်တွေကိုအစားထိုး ထုတ်ဝေသုံးစွဲခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ ဆင်ဖြူတော်ပုံပါတဲ့ ၅၀၀၀ ကျပ်တန်ငွေစက္ကူကို ထုတ်ဝေခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာ တစ်သောင်းကျပ်တန် ငွေစက္ကူကို ထပ်မံထုတ်ဝေခဲ့ပြီးတော့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငါးရာကျပ်တန်နဲ့ တစ်ထောင်ကျပ်တန် ငွေစက္ကူကို ထုတ်ဝေသုံးစွဲခဲ့တာ ဖြစ်ပါတယ်။

အခုလိုငွေစက္ကူအသစ်ရိုက်နှိပ်ထုတ်ဝေတိုင်းမှာ ငွေကြေးဖောင်းပွမှုတွေကြောင့် ပြည်သူလူထုဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရတာဖြစ်ပြီး ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ဝေတာကြောင့် ပြည်တွင်းမှာ ဘယ်လောက်ထိ ထိခိုက်ပြီး ဘယ်လိုဂယက်တွေ ထလာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here