မေ၊၂၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ ဖားကန့်မြို့ဘက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့အချိန် ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာကို စစ်ကောင်စီစစ်ကြောင်း စတင်ဝင်ရောက်လာတဲ့ အချိန်ကစပြီး လမ်းတစ်လျှောက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့သလို ပစ်ခတ်မှုတွေကြောင့် လုံးခင်းဒေသခံတွေ သေဆုံးခဲ့ရတာလို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
“လုံးခင်းကို စစ်ကြောင်းစဝင်တဲ့နေ့ကနေမှ ဒီမနက်ခင်းအထိ သေဆုံးခဲ့တဲ့ အလောင်းတွေပေါ့။ စစ်ကြောင်း ဖားကန့်ဘက်ကို သွားလိုက်တဲ့အခါမှ နယ်မြေထိတွေ့မှု ဘာမှမရှိတဲ့အချိန် ဝင်ကောက်လိုက်တာ။ ”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ပြည်သူ ၅ ဦးထဲက အမျိုးသမီးတစ်ဦးဟာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်း တက်လာတဲ့အချိန် ကြည့်မိတဲ့ အမျိုုးသားတစ်ဦးလည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ မေလ ၂၇ ရက်နေ့က ယမ်းချက်စက်ရုံက စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လုံးခင်းကျေးရွာကို ရောက်ရှိခဲ့ပြီး ဒီကနေ့မှာတော့ ဖားကန့်မြို့အထိ ထိုးဖောက်ဝင်ရောက်သွားနိုင်ပြီလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဖားကန့်ဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ မေလ ၄ ရက်နေ့ကစပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို အင်အားရာကြီးပိုင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA/KPDF ပူပါင်းတပ်တွေကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။







