ကွတ်ခိုင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

76

ဇူလိုင်၊၃၀

ရှမ်းမြောက်၊ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ခဲ့တယ်လို့ တအာင်းတပ် (TNLA) က ဆိုပါတယ်။

ကွတ်ခိုင်မြို့၊ ရပ်ကွက် ၂ မှာရှိတဲ့ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ဒီကနေ့ မနက်အစောပိုင်း တစ်နာရီဝန်းကျင်မှာ လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီဗုံးပေါက်ကွဲမှုကြာင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၄ ဦးတို့ သေဆုံးခဲ့ရပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦးဒဏ်ရာရရှိခဲ့တာလို့ ပြောပါတယ်။

ဗုံးကြဲခံရမှုကြောင့် လူထိခိုက်သေဆုံးမှုအပြင် နေအိမ် ၂ လုံးနဲ့ တည်းခိုခန်း အဆောက်အဦ တချို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင် ၂၉ ရက်နေ့ကလည်း စစ်ကောင်စီဟာ မိုးကုတ်နဲ့ မိုင်းလုံမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးတွေကြဲချခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၇ ဦး ထိခိုက်ခဲ့သလို နေအိမ် ၂၁ လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

အခုလအတွင်းမှာပဲ စစ်ကောင်စီဟာ ကျောက်မဲ၊မိုင်းငေါ့၊နောင်ချို၊သီပေါနဲ့ မိုးကုတ်မြို့နယ် တွေမှာ လေကြောင်းကနေ ၂၈ ကြိမ် ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသား ၁၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၄ ဦး၊ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၉ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၇၆ အိမ်၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုရှောင်ရှားဖို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်သလို လေကြောင်းရန်ကာကွယ်ဖို့ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း‌ ပြောဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here