ဗလမင်းထင်တံတား စုပေါင်းဂိတ်မှာ ပစ်ခတ်မှုဖြစ်၊ ရဲ ၃ ယောက်ထိခိုက်ဟု မျက်မြင်တွေ့ရှိသူပြော

366

 

ဒီဇင်ဘာ၊၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို ဒီကနေ့ညနေပိုင်းတွင် အမည်မသိလက်နက်ကိုင်တချို့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဗလမင်းထင်တံတား စုပေါင်းဂိတ်မှာ ပုံမှန်ဖြတ်သန်းသွားနေတဲ့အချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ယောက်လောက် လဲကျသွားတာ တွေ့ခဲ့တယ်လို့ ဖြစ်စဥ်ကို တွေ့ရှိခဲ့တဲ့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

” ဒီညနေ ၅ နာရီခွဲလောက်မှာဟုတ်တယ် ဖြစ်သွားတာ။ အသံကြားလို့ လှည့်ကြည်လိုက်တော့ ၃ ယောက်လောက် လဲကျသွားတာတွေ့လိုက်တယ်။ ဘယ်သူပစ်တာလဲတော့ မသိဘူး” လို့ပြောပါတယ်။

အဲဒီ စုပေါင်းဂတ်အနီးမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးကလည်း သေနတ်သံ သုံးလေးချက်ခန့် ကြားရတယ်လို့ ပြောပါတယ်။

“အကျယ်ကြီးတော့မဟုတ်ဘူး။ သေနတ်အတို အသံပဲ။ ဆိုင်ကယ်နဲ့ဖြတ်သွားရင်း ပစ်သွားတာထင်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြစ်ကြီးနားကနေ သံချပ်ကာ ကားတစ်စီးဖြတ်သွားတာတွေ့ခဲ့ရပြီး တံတားတစ်လျှောက်နဲ့ ပတ်ဝန်းကျင်မှာ မီးတွေပိတ်ထားပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲဒီ ဗလမင်းထင်တံတား စုပေါင်းဂိတ်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ကလည်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here