ဝှေခါစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၄ ဦးကို KIA ပူးပေါင်းအဖွဲ့ဖမ်းဆီး

191

 

ဇန်နဝါရီ၊၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်က ကချင်လွတ်လပ်ရေးတပ်မတော်၊(KIA) ပူးပေါင်းတပ်တွေကနေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ကောင်စီတပ်သား ၄ ဦးအပြင် သူတို့ကိုင်ဆောင်ခဲ့တဲ့ သေနတ်တွေလည်း ဖမ်းဆီးနိုင်ခဲ့တာလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

နေ့လယ်ကတည်းက ဖမ်းမိထားတာ။ ဝှေခါမှာ နှစ်ယောက်ဖမ်းမိလာတယ်တဲ့။ ကျန်တဲ့နှစ်ယောက်ကိုတော့ တောကနေထွက်လာတဲ့အချိန် KIA တပ်သားတွေ ဖမ်းလာတာ။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဒါ့အပြင် မနေ့က ညနေ ၃ နာရီခွဲလောက်ကလည်း တောအတွင်းပုန်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၄ ဦး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဝှေခါစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လာကြိုတဲ့ စစ်ကောင်စီတပ်တွေကိုလည်း KIA၊KPDF ပူးပေါင်းတပ်တွေက ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဝှေခါမှာကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရဘဲ တောအတွင်း ပုန်းခိုနေရတာလို့လည်း သိရပါတယ်။

ဝှေခါ သင်္ချိုင်းကုန်းတာဝါတိုင်အနီးမှာပုန်းနေတဲ့ တပ်သား ၄ ဦးကို KIA၊KPDFပူးပေါင်းတပ်တို့က မနေ့က ဖမ်းဆီးမိခဲ့တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မနေ့က ဖမ်းဆီးမိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၄ ဦးဟာ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားသုံးဦး ဖြစ်တယ်လို့ သိရပါတယ်။

ဝှေခါစစ်ကောင်စီတပ်စခန်းအနီးမှာ နန့်မော် တန်သုံးထောင် စစ်ကောင်စီစခန်းနဲ့ ကသိုင်းတောင် စစ်ကောင်စီစခန်းလည်း ရှိတာဖြစ်ပြီး အဲဒီတပ်စခန်းသုံးခုဟာ အဓိကထောက်တိုင်စခန်းအဖြစ် ရှိနေတာဖြစ််ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA၊KPDFတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လာကြိုတဲ့အဖွဲ့ကိုလည်း KIA၊KPDF ပူးပေါင်းအဖွဲ့တွေက လိုက်လံတိုက်ခိုက် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here