ဇန်နဝါရီ၊၂၉
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကျည် ထိမှန်မှုကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်တွေနဲ့ကျောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေကနေ ရှင်းလင်းရေးလုပ်နေတယ်လို့ သိရပါတယ်။
ဝှေခါတိုက်ပွဲအတွင်း ပျက်စီးခဲ့တဲ့ နေအိမ်တွေနဲ့ ကျောင်းတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ဒီကနေ့အထိ KIA၊KPDF ပူးပေါင်းတပ်က ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်
“နယ်မြေရှင်းလင်းရေးဆိုပေမဲ့ စစ်ကောင်စီတွေတော့ မရှိတော့ဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်က ပစ်ထားတဲ့ ဗုံးတွေကျန်နေသေးတယ်ဆိုတဲ့ အိမ်တွေမှာ KIA၊ KPDF တွေပေါင်းပြီး ဗုံးတွေလိုက်ကောက်ပေးနေတာပေါ့။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဝှေခါကျေးရွာက ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ မိုင်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေကနေ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ နောက်ထပ်ပြည်သူတစ်ဦးကလည်း ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ဝှေခါကျေးရွာ စစ်ကောင်စီစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတပ်သား ၂၀ ကျော်ကိုလည်း KIA၊KPDF ပူးပေါင်းတပ်တို့ ဖမ်းမိထားပြီး တောအတွင်း ပုန်းခိုနေသူတွေလည်း ရှိနေသေးသလို သေဆုံးသွားသူတွေလည်း ရှိတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဝှေခါကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံးခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေလည်း KIA ဘက်က သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။







