ကချင်ပြည်နယ်အတွင်း ခပ်စိပ်စိပ်မြင်တွေ့လာရတဲ့ ပြည်သူ့စစ်တပ်သားစုဆောင်းမှု

287

 

ဖေဖော်ဝါရီ၊၂

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းက ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ဒီနှစ်အစပိုင်းကနေစပြီး အင်တိုက်အားတိုက် စစ်သားသစ် စုဆောင်းတာတွေ လုပ်ဆောင်နေပါတယ်။

ပြည်နယ်အတွင်းမှာရှိတဲ့ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်၊ ဦးတန်ဂူးတန်ဦးဆောင်ပြီး ရဝမ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပူတာအိုဌာနေပြည်သူ့စစ်၊ အင်းတော်ကြီးဘက်က ရှမ်းနီပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ခြေကုပ်ယူထားတဲ့ ဒေသတွေမှာ တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရဆိုပြီး စုဆောင်းရေးလုပ်နေကြတာပါ။

နေအိမ်တွေမှာ သွားရောက်ခေါ်ဆောင်ကြတဲ့အပြင် အများပြည်သူသွားလာတဲ့ လမ်းတွေကိုပိတ်ဆို့ပြီး ဂိတ်တွေတိုးချဲဖွင့်လစ်ကာ မိမိရဲ့လူမျိုးစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်တာတွေကိုလည်း ပြုလုပ်နေကြတာကို မြင်နေရတဲ့အကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

အဲဒါကြောင့် သက်လတ်ပိုင်းအမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နေအိမ်တွေမှာ မနေရဲကြတော့ဘဲ တခြားနေရာဒေသတွေမှာ တိမ်းရှောင်နေထိုင်တာတွေ ပြုလုပ်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေသူတွေဆီက ကြားသိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းက လီဆူမျိုးနွယ်စုတွေ၊ ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ ရဝမ်မျိုးနွယ်စုတွေနဲ့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက ရှမ်းနီမျိုးနွယ်စုတွေကို တပ်သားသစ်စုဆောင်းတာတွေ လုပ်နေကြတာပါ။

ပြည်သူ့စစ်တွေဟာ သူတို့ခေါ်ချင်တဲ့သူကို မတွေ့တဲ့အချိန် အိမ်မှာရှိနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ မိခင်တွေ၊ ကလေးငယ်တွေကို ဓားစားခံလုပ် ခြိမ်းခြောက်ခေါ်ဆောင်လာမှာကို စိုးရိမ်နေကြရတယ်လို့ ပြည်သူ့စစ်မလုပ်ချင်တဲ့ လီဆူလူငယ်တစ်ဦးကအခုလို ပြောပါတယ်။

” ကျွန်တော်တို့ မိသားစုတစ်ယောက်ယောက်ကို ဆွဲသွားပြီးမှ ကျွန်တော်တို့နဲ့ လာလဲတဲ့ပုံစံမျိုးပေါ့နော်။ အဲဒီလိုမျိုးကိုတော့ ကျွန်တော်တို့စိုးရိမ်တာပေါ့။“လို့ အထက်ပါလီဆူလူငယ်က ဆိုပါတယ်။

ပြည်သူ့စစ်တွေဟာ မိမိတိုင်းရင်းသားလူမျိုးစုရဲ့ နာမည်ကို အသုံးပြုပြီးတော့ တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက်ဆိုပြီး မျိုးချစ်စိတ်နဲ့ လုပ်ဆောင်နေကြတယ်လို့ ထင်ရပေမဲ့ တဖက်မှာတော့ တစ်မျိုးသားလုံးအကျိုး အတွက်မဟုတ်ဘဲ ကိုယ့်အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေကြတာလို့ မြင်မိကြောင်းလည်း ဆက်လက်ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်သားအင်အား လိုအပ်ချက်အရ ပြည်သူ့စစ်တပ်ဖွဲ့တွေကို ဖိအားပေးမှုကြောင့် စစ်သားစုဆောင်းမှုကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာကြတာဖြစ်တယ်လို့ ထင်မြင်မိကြောင်းလည်း လူငယ်တွေက ဆိုပါတယ်။

အဲဒီလုပ်ရပ်တွေရဲ့ တခြားတစ်ဖက်မှာ လူငယ်တွေဟာ ကိုယ့်ရပ်ကိုယ်ရွာမှာ မနေရဲကြတော့ဘဲ နိုင်ငံခြားထွက် အလုပ်ရှာသူတွေနဲ့ ပညာရှာသူတွေ ပိုများလာတယ်လို့ ရဝမ်လူငယ်တစ်ဦးက အခုလိုပြောပါတယ်။

“အကျပ်အတည်းဖြစ်ပြီးတဲ့ နောက်ပိုင်း မြို့ပေါ်မှာလူငယ်ဆိုတာ မရှိသလောက်ဖြစ်သွားတယ်။ လူငယ်အများပိုင်းက ဒီမှာမနေရဲတော့ ဖြစ်တဲ့နည်းနဲ့ နိုင်ငံခြားပဲရောက်ကုန်တော့ လက်ရှိမှာ လူငယ်တွေ မြို့ပေါ်မှာ ရှားနေတာ။ ဒီလိုလိုက်လံဖမ်းဆီးနေရင်တော့ နောက်ဆိုလူငယ်ကို မြို့ပေါ်မှာရှာတောင်တွေ့တော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။”လို့ ဆိုပါတယ်။

ဒေသမှာ လူငယ်တွေမရှိတော့ရင် အကျိုးအဆက်အနေနဲ့ တစ်ချိန်မှာ လူကြီးတွေဆီက လက်လွှဲယူတဲ့လုပ်ငန်းတွေနဲ့ အရပ်ဖက်လူမှုကူညီရေး လုပ်ငန်းတွေမှာ လူငယ်တွေမရှိတော့ဘဲ နိုင်ငံရေးအပြောင်းအလဲမှာ အများကြီး နစ်နာသွားနိုင်တဲ့အပြင် လူငယ်ကဏ္ဍတစ်ခုလုံး ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်မိကြောင်း ဆက်လက်ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ မျိုးနွယ်စုလွတ်မြောက်ရေးကို အကြောင်းပြပြီး မိမိလူမျိုးတွေကို ပြည်သူ့စစ်လုပ်ဖို့ လိုက်လံစုဆောင်းနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့လူမျိုးစုတွေကို တကယ်ချစ်ပြီး ကာကွယ်ပေးချင်တဲ့ စိတ်ဆန္ဒရှိခဲ့ရင် မျိုးနွယ်စုထဲမှာ ပျက်စီးနေတဲ့ မူးယစ်ဆေးဝါးသမားတွေနဲ့ ဒုစရိုက်သမားတွေကို ခေါ်ယူဆုံးမပြီး ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်စေလိုကြောင်းလည်း စစ်သားစုဆောင်းတာကို အလိုမရှိကြတဲ့ လူငယ်တွေက ဆိုပါတယ်။

အလုပ်အကိုင်၊ အခွင့်အလမ်းမရှိလို့ ခက်ခဲနေကြတဲ့ လူငယ်တွေကို အလုပ်အကိုင်ရှာဖွေပေးတာတွေနဲ့ ပညာသင်ကြားနေကြတဲ့ လူငယ်တွေအတွက် ကူညီထောက်ပံ့ပေးတာတွေကို လုပ်ဆောင်ပေးစေလိုကြောင်းလည်း လူငယ်တွေက တောင်းဆိုကြပါတယ်။

အခုချိန်မှာ စစ်သားစုဆောင်းရေးကိစ္စကြောင့် သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုတွေအပြင် နိုင်ငံသားတစ်ယောက် ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကိုပါ ဆုံးရှုံးနေကြရတဲ့အတွက် မိသားစုစားဝတ်နေရေး ရုန်းကန်နေကြရတဲ့ သူတွေဟာ အခက်အခဲတွေကို ခါးစည်းခံနေကြရတယ်လို့ လီဆူလူငယ်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့သွားရင် ဂိတ်မှာ ကျွန်တော်တို့လူမျိုးကို ဖမ်းမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့ဒေသခံတွေ သွားလို့မရဘူး။ အိမ်ရှင်မဟုတ်တဲ့ သူတွေကြတော့ လွတ်လွတ်လပ်လပ် သွားလို့ရနေတယ်။ အဲဒါသူတို့ ကောင်းကောင်းစဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်တာပေါ့နော်။“လို့ အထက်ပါ လီဆူလူငယ်က ဆိုပါတယ်။

ကချင်ပြည်နယ်ဟာ ကချင်မျိုးနွယ်စု ၆ စုအပြင် ရှမ်းနဲ့ ဗမာလူမျိုးတွေလည်း နေထိုင်ကြပြီး အခြားလူမျိုးစုတွေလည်း အနည်းငယ်နေထိုင်နေကြတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ ပြည်နယ်တွင်း နေထိုင်ကြတဲ့သူတွေနဲ့ ကချင်တစ်မျိုးသားလုံးက ပိုင်ဆိုင်တဲ့အတွက် လူမျိုးရေးမုန်းတီးမှုတွေကြောင့် ပြည်နယ်ကိုကာကွယ်ဖို့ မေ့လျော့သွားမှာကိုလည်း မလိုလားဘူးလို့ လူငယ်တွေက ဆိုပါတယ်။

မနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက ဝိုင်းမော်မြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ အသက်ပြည့်ပြီးသူ လီဆူမျိုးနွယ်စုတိုင်း တစ်အိမ်တစ်ယောက် ပြည်သူ့စစ်မလုပ်မနေရ အမိန့်စာထုတ်ပြန်ပြီး စစ်သားစုဆောင်းတာတွေကို စတင်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယအပတ်မှာလည်း ပူတာအိုဌာနေပြည်သူ့စစ်အဖွဲ့က ရဝမ်မျိုးနွယ်တွေကို “ပူတာအိုဒေသကို KIA အဖွဲ့ဝင်လာတော့မှာဖြစ်လို့ ကာကွယ်ကြဖို့နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသကိုအခြေခံတဲ့ ဖယ်ဒီရယ်ပေးတော့မှာဖြစ်တာကြောင့် ပြည်သူ့စစ်ထဲ များများဝင်ကြပြီး မိမိဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် လုပ်ကြစို့” လို့ဆိုတဲ့ အချက်နှစ်ချက်နဲ့ စည်းရုံးရေးဆင်း စစ်သားစုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတစ်ဝိုက်မှာဆိုရင် ရှမ်းနီလူငယ်တွေကို ရှမ်းနီပြည်သူ့စစ်တွေဟာ လက်နက်တွေနဲ့ခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရဆိုပြီးတော့ ဇန်နဝါရီလ ဒုတိယပတ်လောက်ကစ ခပ်စိပ်စိပ် တစ်အိမ်တက်ဆင်း ဖမ်းဆီးမှုတွေလုပ်နေတာကြောင့် ဒေသခံလူငယ်တွေသာမက ကျောင်းသားလူငယ်တွေပါ နေအိမ်ကနေ တိမ်းရှောင်နေကြရတယ်လို့ မိုးညှင်းဒေသခံတွေက ပြောပါတယ်။

ဂိတ်တွေတိုးဖွင့်တာ၊ စစ်သားလိုက်လံစုဆောင်းတာတွေကို ခပ်စိပ်စိပ်ပြုလုပ်လာကြတဲ့ ပြည်သူ့စစ်တွေအပေါ် လူငယ်တွေဟာ ပိုပြီးအမြင်မကြည်တာတွေနဲ့ မလိုလားမှုတွေကြောင့် သူတို့ကို ပြန်ပြီး တော်လှန်လာနိုင်တဲ့ အခြေအနေမျိုး ရောက်လာနိုင်တယ်လို့လည်း လူငယ်တွေက ဆိုကြပါတယ်။

ဦးရွှေမင်းခေါင်းဆောင်တဲ့ လီဆူပြည်သူ့စစ်အနေနဲ့ စာထုတ်ပြန်တဲ့နောက်ပိုင်း လီဆူမျိုး ၃၀၀ လောက်ကို တစ်လလောက်အတွင်း စစ်သင်တန်းပေးနေပြီလို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပြီး အဲဒီနောက်ပိုင်း ထပ်ပြီးစုဆောင်းထားတဲ့ အရေအတွက်နဲ့ အခြား ရှမ်းနီနဲ့ရဝမ် ပြည်သူ့စစ်တွေ စုဆောင်းထားတဲ့ အရေအတွက်ကိုတော့ မသိရပါဘူး။

စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး အဲဒီဥပဒေဟာ တိုင်းရင်းသားမျိုးနွယ်တွေအတွက် အကျိုးရှိစေမယ့် အချက်တွေ ပါရှိမှာမဟုတ်တဲ့အတွက် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို တိုင်းရင်းသားမျိုးနွယ်စုတွေ အနေနဲ့ မျှော်လင့်ချက်ရှိနိုင်တယ်လို့ လက်မခံသင့်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို သုံးသပ်ပြောကြားထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here