ဖေဖော်ဝါရီ၊၅
မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFတို့က သွားရောက်တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
၆ ဦးသေဆုံးတဲ့အပြင် တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီး ၂၀ နီးပါး ထွက်ပြေးနေတယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဖမ်းမိတဲ့ တစ်ယောက်ကို မေးကြည့်တာ နန့်တိန်းကထွက်ပြေးတဲ့သူ ၁၈ ဦးရှိတယ်တဲ့။ ”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
အထက်ပါစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်တချို့ကို လည်း သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။
နန့်တိန်းစစ်ကောင်စီခန်းဟာ မြစ်ကြီးနား- ဖားကန့်လမ်းကြောကို ထိန်းချုပ်ထားတဲ့ နေရာတစ်ခုလည်းဖြစ်ပြီး စစ်ကောင်စီတပ်သားအင်အား ၃၀ နီးပါး ရှိတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဖားကန့်မြို့ဘက်ကို တက်သွားတဲ့ ကားတွေကို ဖြတ်ခိုင်းပေမဲ့ ဖားကန့်မြို့ကနေ ဆင်းလာတဲ့ကားတွေကိုတော့ ကျောက်ဖျာကျေးရွာမှာ KIA၊KPDF တပ်တွေက ပိတ်ထားတယ်လို့ ဖားကန့်ဒေသခံ နောက်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က နန့်တိန်းစစ်ကောင်စီစခန်းကို KIA ၊KPDFပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ဖားကန့်တပ်မကုန်းကနေ နေရာအနှံ့ လက်နက်ကြီး လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။







