ဖေဖော်ဝါရီ၊ ၁၆
မြန်မာနိုင်ငံအနောက်ပိုင်းက မြို့ ၆ မြို့ကိုသိမ်းပိုက်ထားနိုင်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က မနေ့က ညနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်မှာရှိတဲ့ လက်ကျန်မြို့တွေမှာလည်း စစ်ကောင်စီရဲ့ စခန်းတွေတစ်ခုမှမကျန်အောင် တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။
အခုအချိန် မြန်မာနိုင်ငံအနောက်ပိုင်းမှာ AA သိမ်းပိုက်ထားနိုင်တဲ့မြို့တွေကတော့ ချင်းပြည်နယ်ထဲက ပလက်ဝ၊ ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့တို့ဖြစ်ပါတယ်။
ဒါ့အပြင် မောင်တော၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့တို့မှာလည်း AA ရဲ့ ထိုးစစ်နဲ့ စစ်ကောင်စီရဲ့ ခံစစ်တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာလည်း AA သိမ်းပိုက်ထားတဲ့ မြေပုံနဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့နယ်အစပ်မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအချိန် မြန်မာနိုင်ငံအနောက်ပိုင်းမှာတော့ စစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်ကို လေကြောင်းနဲ့ ကုန်းကြောင်းကသာမက ရေကြောင်းကနေပါ ပြင်းပြင်းထန်ထန်ခုခံနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေဟာလည်း AA ရဲ့ တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန်ခံခဲ့ရပြီး စစ်သင်္ဘော ၉ စီးဟာ ပျက်စီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
AA ရဲ့ သမိုင်းမှာလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ဟာ ရခိုင်ရေပြင်ထက်က ရန်သူ့စစ်သင်္ဘောတွေကို အလဲထိုး အနိုင်ယူခဲ့တဲ့နေ့တစ်နေ့ ဖြစ်တယ်လို့လည်း AA ထုတ်ပြန်ထားပါတယ်။







