ရှဒူးဇွပ်ကျေးရွာက ကလေးငယ်နှစ်ဦး ရွှေတူးဖော်တဲ့ကျင်းဟောင်းမှာ ဆော့ကစားရင်း ရေနစ်သေဆုံး

207

 

ဖေဖော်ဝါရီ၊၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်စံပြကျေးရွာက အသက် ၁၀ နှစ်အောက်အရွယ် ကလေးနှစ်ဦး ရွှေတူးဖော်တဲ့ ကျင်းဟောင်းမှာ ရေဆော့ကစားရင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရှဒူဇွပ်စံပြကျေးရွာမှာနေထိုင်တဲ့ ကလေး ၄ ဦးဟာ ဝါရာဇွပ်ကျေးရွာအုပ်စု၊ အောင်ရာရွာ အနောက်ဘက် ဆီးသီးသွားခူးကြစဉ် မငွါးချာနို(အသက် ၅နှစ်)နဲ့ မနားနာ(အသက် ၆နှစ်)တို့ နှစ်ဦးဟာ ရွှေလုပ်ကွက်ဟောင်းအတွင်း ရေးချိုးကစားရာကနေ အခုလို ရေနစ်သေဆုံးမှု ဖြစ်ခဲ့တာလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဟုတ်တယ်။ မနေ့က ဆီးသီးသွားခူးစားရင်း ဖြစ်တာ။ နှစ်ယောက်က ဆီးသီးခူးစားပြီး ပြန်သွားကြတာ။ အရမ်းကြာရင်လည်း မပြန်လာတော့ သူငယ်ချင်းနှစ်ယောက်က အိမ်ကို သွားအသိပေးတာ။ “လို့ ဒေသခံက ဆိုပါတယ်။

အိမ်ပြန်သွားတဲ့ သူငယ်ချင်းနှစ်ဦးက မွန်းလွဲ ၂ နာရီလောက်က အိမ်ကို အသိလာပေးတဲ့အတွက် မိသားစုဝင်တွေကနေ သွားရောက် ရှာဖွေချိန် ညနေပိုင်း ၃ နာရီလောက်မှာ သေဆုံးနေတဲ့ အလောင်းတွေကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အထက်ပါ ကလေးနှစ်ဦး ရေနစ်သေဆုံးသွားတဲ့ နေရာဟာ ပီတိစားသောက်ဆိုင် နောက်ကျောလမ်း၊ မိုးကောင်းချောင်းသွားတဲ့လမ်းမှာ ဖြစ်ပြီး အဲဒီနေရာ အနီးအနားပတ်ဝန်းကျင်မှာ အနည်းဆုံး ၁၀ ပေအထက် မြင့်တဲ့ ရွှေလုပ်ကွက် ကျင်းဟောင်းတွေရှိတယ်လို့ အထက်ပါ ဒေသခံက ဆက်လက် ပြောပါတယ်။

ကလေးတွေမှာတော့ အပြစ်မရှိဘူး။ သူတို့က ကလေးသဘာဝ ဆော့ကြမှာပဲ။ အန္တရာယ်ရှိတဲ့ ကျင်းတွေ မရှိရင်တော့ ကိစ္စမရှိဘူးပေါ့။ ရွာဧရိယာအတွင်း အခုလို ရွှေတူးဖော်ကြပြီး ပြန်လည်း မဖို့တော့ နောက်လည်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။လို့ ဒေသခံက ဆိုပါတယ်။

အခုလို ရွာပတ်ဝန်းကျင် ဧရိယာအတွင်း ရွှေတူးဖော်တာတွေ မပြုလုပ်ပေးဖို့နဲ့ တူးဖော်ပြီးသား ကျင်းဟောင်းတွေကို စနစ်တကျပြန်ဖို့တာတွေ ပြုလုပ်မှသာ ကလေးတွေ နောက်ထပ် အခုလိုအန္တရာယ် မကျရောက်မှာ ဖြစ်တယ်လို့ နောက်ထပ် ဒေသခံက ဆက်လက်ပြောပါတယ်။

ပြောချင်တာက ရွာအနား ရွှေတူးတာတွေ မလုပ်ခိုင်းစေချင်ဘူး။ ရွှေတူးတော့ ရွာပျက်စီးလာတဲ့အပြင် အခုလို ကလေးတွေ အန္တရာယ် ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၃-၂၄ ပညာသင်ကာလအတွင်း မငွားချာနိုဟာ KG တန်းကို တတ်မြောက်ပြီးဆုံးထားပြီး မနားနာကတော့ ပထမတန်း ဖြေဆိုထားသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here