တာမခန်ကျေးရွာက နယ်မြေရဲစခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်၊စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသားတစ်ဦးသေဆုံး

259
ဓါတ်ပုံ- စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် မော်ဝမ်းကြီးရွာက အမျိုးသားတစ်ဦး သေဆုံး။

 

ဖေဖော်ဝါရီ၊၂၇

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တွေကနေ ဒီကနေ့ မနက် ၁၀ နာရီလောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တာမခန့်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကို KIA၊KPDFပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က လက်နက်ချခဲ့တဲ့အတွက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အလံဖြူထောင် လက်နက်ချဆိုတာမျိုးလေ။ ရဲစခန်းကိုတော့ သိမ်းနိုင်ခဲ့ပြီ။လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီနယ်မြေရဲစခန်း သိမ်းတဲ့အချိန် ရဲတွေကို ဖမ်းမိခဲ့တယ်လို့ ကြားသိရပြီး အတိအကျတော့ မသိသေးဘူးလို့ ဆိုပါတယ်။

တာမခန်စစ်ကောင်စီတပ်မကုန်း ခမရ ၁၁၉ တပ်ကနေ ဒီကနေ့မနက် ၄ နာရီကနေစပြီး တာမခန်ကျေးရွာဘက်ကို လက်ရှိအချိန်အထိ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖားကန့်တပ်မကုန်းကနေလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနေပြီး အဲဒီလိုပစ်ခတ်မှုတွေကြောင့် မော်ဝမ်းကြီးကျေးရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက် သေဆုံးခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောချက်အရသိရပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာမခန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDFတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တာမခန်ကျေးရွာက ဒေသခံ သုံးပုံနှစ်ပုံခန့် ဖားကန့်ဘက် စစ်ဘေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

အခု ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီးတော့ KIA ကနေ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က ဖားကန့်မြို့နယ်၊ ဝှေခါစစ်ကောင်စီစခန်းနဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်တိန်းစစ်ကောင်စီစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

ဓါတ်ပုံ- စစ်ကောင်စီရဲ့ ‌လက်နက်ကြီးကျည်ထိမှန်မှုကြောင့် မော်ဝမ်းကြီးရွာက အမျိုးသားတစ်ဦး သေဆုံး။

 

LEAVE A REPLY

Please enter your comment!
Please enter your name here