မတ်၊၄
မြေရှားသတ္တုလုပ်ကွက်ကို ကန့်ကွက်တာကြောင့် KIA ကနေ တစ်လနီးပါး ဖမ်းဆီးခဲ့တဲ့ ကချင်ပြည်နယ်၊ ဖရဲဒေသက ဒေသခံအားလုံး ပြန်လည်လွတ်မြောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြေရှားသတ္တုလုပ်ကွက်ကို ကန့်ကွက်တာကြောင့် တစ်လနီးပါး ဖမ်းဆီးခံခဲ့ရတဲ့ ဖရဲဒေသခံ ၅၀ နီးပါးလောက်ဟာ ခံဝန်ကတိနဲ့အတူ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က အားလုံးပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ ဖရဲဒေသခံတစ်ဦးက ပြောပါတယ်။
“နောက်ထပ် KIA အစိုးရအဖွဲ့ကို ကန့်ကွက်ဆန့်ကျင်တာ၊ သတ္တုလုပ်တာကို ကန့်ကွက်ဆန့်ကျင်တဲ့လူကို ဖမ်းဆီးမယ်၊ ချုပ်နှောင်မယ်၊ အဲဒီလိုခံဝန်လက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တယ်။ ကန့်ကွက်ဆန့်ကျင်ပါက အချိန်မရွေး ဖမ်းဆီးချုပ်နှောင်မယ်ဆိုတာကို သိရှိကြောင်းဆိုပြီး လက်မှတ်ထိုးခိုင်းတယ်တဲ့။ “လို့ ဒေသခံက ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ နောင်တစ်ချိန်မှာ KIA ဦးစီးလုပ်ဆောင်တဲ့ သတ္တုလုပ်ကွက်နဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်တာနဲ့ ကန့်ကွက်တာမျိုး လုပ်ဆောင်ခဲ့ရင် ဒီထက်ပိုပြီး အရေးယူသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံတွေကို ဖမ်းဆီးပြီးနောက် သတင်းတွေအပြင်ကို မပေါက်ကြားစေနိုင်ဖို့အတွက် KIA ကနေ ရွာအတွင်းက တရုတ်ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒေသခံတွေအားလုံး မှီခိုသောက်သုံးနေတဲ့ရေသောက်မြစ်ကို ကာကွယ်ဖို့အပြင် စိုက်ပျိုးမြေတွေနဲ့ စားကျက်မြေတွေ ပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အင်အားချင်းမမျှပေမဲ့ တတ်နိုင်တဲ့ဘက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့လည်း ဒေသခံက ပြောပါတယ်။
“ဖရဲဒေသဟာ အကျယ်ကြီးမဟုတ်ဘူး။ အဲဒါ(မြေရှား)သွားလုပ်လိုက်တော့ မြေတော်တော်များများ ပျက်စီးသွားရပြီ၊ ဆုံးရှုံးပြီဖြစ်တဲ့အတွက် မလုပ်ခိုင်းတာဖြစ်တယ်။ ပြောရမယ်ဆိုရင် လူနဲ့တရိစ္ဆာန်တွေနေဖို့ ပိုပြီး ခက်ခဲလာပြီ။ လုပ်ကိုင်စားသောက်ဖို့ကလည်း နေရာမရှိတော့ဘူး။ နေဖို့နေရာလည်း အားလုံးကန့်သတ်ပေးလိုက်ကြပြီ။” လို့ အထက်ပါဒေသခံက ဆက်လက်ပြောကြားပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ဆောင်နေကြတဲ့ တရုတ်ကုမ္ပဏီရုံးရှေ့မှာ အင်အားပြ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ဒေသခံတွေကို KIA ကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းတဲ့အချိန် အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ လုပ်ကွက်တွေကို ရပ်နားလိုက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ မသိရှိရသေးကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။
ဖရဲဒေသကို ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) ငြိမ်းချမ်းရေးအဖွဲ့(NDAK) အုပ်ချုပ်နေတဲ့ လက်ကနေ KIA က ၂၀၁၂ ခုနှစ်မှာ တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ ပန်ဝါဘက်က သတ္တုလုပ်ကွက်မှာသုံးဖို့ တရုတ်ကနေတင်သွင်းတဲ့ မြေဩဇာတွေကို ဖရဲဒေသကိုဖြတ်ပြီး ပို့ဆောင်ခွင့်ပေးလိုက်တဲ့နောက် တစ်စတစ်စနဲ့ ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်ခဲ့ကြတာ ဒီကနေ့အထိဖြစ်ပါတယ်။
မြေရှားသတ္တုတူးဖော်လို့ ရရှိလာတဲ့အကျိုးအမြတ်ထဲက ၄၀ ရာခိုင်နှုန်းကို (ငွေအလုံးအရင်း) ဒေသခံတွေကိုပေးပြီး၊ ၄၀ ရာခိုင်နှုန်းကိုတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် သုံးစွဲသွားမှာဖြစ်ကြောင်းနဲ့ ကျန် ၂၀ ရာခိုင်နှုန်းကိုသာ KIA အတွက်ယူမယ်လို့ ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒါပေမဲ့ ဒေသခံတွေကတော့ ညှိနှိုင်းချက်ကို သဘောမတူဘဲ ကန့်ကွက်ခဲ့ကြပြီး ကန့်ကွက်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။







