မတ်၊၈
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတင်းတွေ အမြဲနားစွင့်ပြီး အစားအသောက် ကြိုတင်ပြင်ဆင်တာတွေ အမြဲပြုလုပ်ထားဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပြောဆိုပါတယ်။
မနေ့က မတ်လ ၇ ရက်နေ့ မနက်ပိုင်းကနေစပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင် တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို KIA ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ အချို့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။
လက်ရှိ နှစ်ဖက်တပ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဘယ်အချိန် ပြီးဆုံးမယ်ဆိုတာ မပြောနိုင်သလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ မိမိလုံခြုံတယ်လို့ ယူဆရတဲ့ နေရာတွေဘက် ပြောင်းရွှေ့တာတွေ ပြုလုပ်ကြဖို့ တိုက်တွန်းကြောင်း ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“စစ်ပွဲက ဆက်ပြီး ပြင်းထန်လာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေလည်း စစ်ရေးသတင်းတွေ အမြဲနားထောင်ပြီး သတိထားရမယ်။ စစ်ကောင်စီဘက်က လေယာဉ် လက်နက်ကြီးတွေ ပြည်သူတွေရှိတဲ့ နေရာဘက် ပရမ်းပတာပစ်ကြတယ်။ အဲဒါကြောင့် ဘယ်သူမဆို ကိုယ်လုံခြုံတယ်လို့ ထင်ရတဲ့ နေရာဘက် ရွှေ့ပြောင်းတာတွေ လုပ်ရမယ်။ ဒီစစ်ပွဲက ဘယ်တော့ ပြီးမယ်မသိဘူး။ အဲဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ထားတာ အမြဲလုပ်ထားရမယ်။ ပြည်သူတွေအနေနဲ့လည်း သတိထား အမြဲထားရမယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
မတ်လ ၇ ရက်နေ့နဲ့ ဒီကနေ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ် စခန်းကြီးတွေ ဖြစ်တဲ့ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ဖွန်းပျန်တောင် (Hpun hpyen bum)၊ နမ်ဖတ်ချောင်းတံတားဂိတ်စခန်း(Nam Hpak Hka Mahkrai post)၊ မလိတပ်စခန်းကြီးအပြင် ဘွမ်ရေဘွမ်(Bumre bum)နဲ့ ခယာတောင်(Hkaya Bum)တပ်စခန်းကြီး အနီးအနားက ရှေ့တန်းကာကင်းစခန်းငယ် စုစုပေါင်း စခန်းကြီး/ငယ် ၁၀ခုကျော်လောက်ကို KIAကနေ သိမ်းပိုက်ထားနိုင်ပြီလို့လည်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို KIA ကနေ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့မနက် အစောပိုင်း မနက် ၅ နာရီလောက်ကလည်း နာဖော့တောင် စစ်ကောင်စီတပ်စခန်းဘက်ကနေ လိုင်ဇာမြို့အနီးအနား လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့ပြီး တရုတ်ပြည်ဘက်အခြမ်းပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သလို လိုင်ဇာမြို့တွင်းနေရာမှာပါ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။







