မတ်၊၁၁
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က အောင်မြေ ၂ ကျေးရွာမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ဖို့သွားတဲ့ ယာဉ်တန်းဟာ စစ်ရေးအခြေအနေကြောင့် ပြန်လှည့်ခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(PCG)က တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်း အသီးသီးကနေ သာသနာ့အလံလွှင့်ထူပြီး ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို သွားရောက်ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ နှစ်ဖက်တပ် စစ်ရေးအခြေအနေကြောင့် ပြန်ကွေ့ခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေပြီး ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားရာမှာ ပါဝင်နေတဲ့ ဝါရှောင်ဆရာတော်က မြစ်ကြီးနားသတင်းဂျာနယ်ကို မိန့်ပါတယ်။
“လေယာဉ်သံ၊ ဗုံးသံတွေ ကြားတော့ တဒုန်းဒုန်းဆိုတော့ ပြန်ကွေ့ခဲ့ရတာပေါ့“လို့ ဆိုပါတယ်။
နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် တစ်နာရီလောက် စောင့်ကြည့်ပြီးနောက် ဝင်ခွင့်မရခဲ့တဲ့အတွက် ပြန်လှည့်ပြန်ခဲ့ရတယ်လို့ နောက်ထပ် ပါဝင်ကူညီနေသူ တစ်ဦးကလည်း အခုလိုပြောပါတယ်။
“ဝင်မရတော့ မကယ်ထုတ်နိုင်ခဲ့ဘူး။ လေယာဉ်တွေလည်း လာတော့။ တစ်နာရီလောက် သွားစောင့်နေကြတာ။ မနက်ဖြန် ပြန်ကြိုးစားရမှာပေါ့“လို့ ဆိုပါတယ်။
ဒီကနေ့မှာလည်း အောင်မြေ ၂ ကျေးရွာ အနီးတစ်ဝိုက် စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်အပြင် ကင်းထောက်လေယာဉ်နဲ့ပါ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ပစ်ကူသံတွေပါ ကြားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ပိတ်မိနေတဲ့ ဒေသခံပြည်သူ အယောက် ၆၀၀ လောက်ဟာ လက်ရှိအချိန်အထိ ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ စုဝေးနေထိုင်နေရပြီး သောက်သုံးရေပြတ်လပ်တော့မယ့် အရေးအပြင် အစားအသောက်နဲ့ ဆေးဝါးလိုအပ်မှုတွေ ဖြစ်ပေါ်နေပြီလို့ အောင်မြေ ၂ ကျေးရွာ ဒေသခံက ပြောပါတယ်။
“ရေတွေလည်း ခက်နေပြီ။ ရေတွင်းကနေ ခပ်သောက်နေတာ။ ရေလည်း ခမ်းလာပြီ။ ပိတ်စအပါးနဲ့ စစ်ပြီး သောက်နေရတယ်။ သောက်ရေလည်း မရှိတော့ဘူး။ ထမင်းချက်ဖို့လည်း ရေ၊ ထင်းတွေ မရှိတော့ဘူး။ ။ ဝမ်းလျှောတဲ့သူတွေလည်း များလာပြီ။ ဆေးကလည်း မရှိဘူး။ လည်ချောင်းနာတဲ့ သူတွေလည်း ရှိလာပြီ။ သောက်ဖို့ ဆေးလည်း မရှိတော့ဘူး။ မက်ကလောင်ခြစ်ပြီးပဲ နေနေကြရတယ်“လို့ ဆိုပါတယ်။
ဖျားနာသူတွေထဲက မန္တလေးမြို့ဘက်သွားပြီး ဆေးကုသဖို့ စီစဉ်ထားတဲ့ ဦးနှောက်အမြှေးပါး လူနာတစ်ဦးဟာလည်း မကြာခဏဆိုသလို သတိလစ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
အောင်မြေ ၂ ကျေးရွာအတွင်း စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်ရှိနိုင်ပြီး အတိအကျကိုတော့ ခန့်မှန်းပြောဆိုလို့ မရဘူးလို့လည်း ကြားသိရပါတယ်။
အောင်မြေ ၁ ကျေးရွာအတွင်းက ဒေသခံပြည်သူအချို့လည်း လက်ရှိအချိန်အထိ ပိတ်မိနေဆဲဖြစ်ပြီး တစ်ချို့ကတော့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီလို့ ကြားသိရတဲ့အပြင် အောင်မြေ ၂ ကျေးရွာအတွင်းက ဒေသခံပြည်သူတွေ အားလုံးကတော့ ပိတ်မိနေဆဲလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မတ်လ ၇ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောင်မြေ ၂ ကျေးရွာဘက်မှာလည်း မတ်လ ၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ ဒေသခံပြည်သူတွေ ပိတ်မိနေတာပါ။
ဒေသခံတွေကို ကယ်ထုတ်နိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) ကနေ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ဆီ မနေ့က စာတင်ခဲ့ပြီးနောက် ဒီကနေ့ ကယ်ထုတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပြန်လှည့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အောင်မြေ ၂ ကျေးရွာကတော့ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လမ်းတစ်လျှောက် မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။







