တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ အောင်မြေ ၂ နဲ့ ရွှေညောင်ပင် ကျေးရွာဒေသခံတွေ ရေနဲ့ အစားအစာပြတ်လပ်မှု ကြုံနေရ

207

 

မတ်၊ ၁၂

တိုက်ပွဲကြောင့်ပိတ်မိနေကြတဲ့ အောင်မြေ (၂) နဲ့ ရွှေညောင်ပင်ကျေးရွာ ဒေသခံတွေဟာ ရေနဲ့ အစားအစာပြတ်လပ်မှုတွေ ကြုံတွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်မြေ ၂ ကျေးရွာ ဒေသခံတွေနဲ့ ရွှေညောင်ပင်ကျေးရွာက ဒေသခံတချို့ စုစုပေါင်း လူအယောက် ၆၀၀ ကျော်လောက်ဟာ အောင်မြေ (၂) ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေရတဲ့အတွက် ရေပြတ်လပ်မှုနဲ့ ကြုံနေရတာ ဖြစ်တယ်လို့ အောင်မြေ (၂) ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

အဓိကကတော့ ရေပေါ့။ ဒီကမီးတွေကလည်း အကုန်ပြတ်တောက်နေတဲ့ အခါကျတော့ ရေပဲအခက်အခဲဖြစ်နေတယ်။ ရေတွင်းတွေကလည်း ဒီရာသီက ခမ်းတဲ့အချိန်ဖြစ်နေတယ်။ ရေပြတ်လပ်တဲ့အခါကြတော့ သောက်သုံးရေတို့၊ အိမ်သာတို့ တအားအရေးကြီးတဲ့ နေရာတွေမှာ ဘယ်လိုမှ မရနိုင်ဘူး။ အဲဒီလိုဖြစ်နေတယ်။”လို့ ဆိုပါတယ်။

ဒေသခံတွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းနဲ့နီးတဲ့ နေအိမ်တွေကနေ ယူသုံးနေပေမဲ့ ရေခမ်းနေတာကြောင့် လုံလောက်မှုမရှိဘဲ အခက်အခဲကြုံနေကြရတယ်လို့လည်း ဆက်လက်ပြောပါတယ်။

လက်ရှိအချိန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒီကနေ့အထိ ရွာကနေ ထွက်လို့မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

မနေ့က မတ်လ ၁၁ ရက်နေ့မှာ ဘာသာရေးပေါင်းစုံက ခေါင်းဆောင်တွေနဲ့အတူ ငြိမ်းချမ်းရေး၊ ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) တို့ပူးပေါင်းပြီး ကယ်ထုတ်ဖို့ လုပ်ဆောင်ပေမဲ့ စစ်ရေးအခြေအနေ ပြန်လည်ပြင်းထန်လာတဲ့အတွက် လှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောခိုလှုံနေတဲ့ အောင်မြေ ၂ ကျေးရွာ ဘုန်းကြီးကျောင်းမှာတော့ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အများဆုံး ခိုလှုံနေကြပြီး ပိတ်မိနေတဲ့ ပြည်သူစုစုပေါင်း အယောက် ၆၀၀ လောက်ရှိနေတာပါ။

ဒါ့အပြင် အိမ်ခြေ ၁,၀၀၀ နီးပါးလောက်ရှိတဲ့ ရွှေညောင်ပင်ကျေးရွာမှာလည်း ပိတ်မိပြည်သူ ထောင်ချီရှိနိုင်တယ်လို့လည်း သိရပြီးတော့ အခုထိ ရွာအတွင်းပိတ်မိနေကြဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

မနေ့က ထွက်နိုင်မယ်ပြောလို့ အပိုင်း(၂) ဘုန်းကြီးကျောင်း(ရွှေညောင်ပင်ကျေးရွာ) မှာ စောင့်နေကြတာ။ လာကြိုမယ်ဆိုလို့ လူခေါ်စုလိုက်တာ ထောင်ကြီးပိုင်းထွက်လာတယ်။”လို့ ဒေသခံက ဆိုပါတယ်။

တိုက်ပွဲအတွင်း အသက်အန္တရာယ်ထိခိုက်မှာ၊ ဒဏ်ရာရမှာကို စိုးရိမ်နေကြတဲ့အတွက် တချို့ပြည်သူတွေကတော့ ထွက်လာချင်ကြပေမဲ့ မထွက်ရဲဘဲ ဖြစ်နေကြပါတယ်။

တစ်ချို့ကတော့ ကျွဲ၊ နွားတရိစ္ဆာန်တွေ ရှိကြတဲ့အတွက် သူခိုးရန်ကြောင့် ထားခဲ့ရမှာကို မဝံ့ရဲဖြစ်နေကြတယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

အောင်မြေ ၁ ဒေသခံတွေ၊ ကျေးရွာအတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းက ပြည်သူတွေနဲ့ နောင်စီပေါကျေးရွာက ဒေသခံတွေကတော့ မတ်လ ၁၁ ရက်နေ့မှာ အားလုံးနီးပါး ရွာအတွင်းကနေ ထွက်ခွာသွားကြပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက ကြားသိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မတ်လ ၇ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောင်မြေ ၂ ကျေးရွာဘက်မှာလည်း မတ်လ ၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ ဒေသခံပြည်သူတွေ ပိတ်မိနေတာပါ။

အောင်မြေ ၂ နဲ့ ရွှေညောင်ပင် ကျေးရွာကတော့ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လမ်းတစ်လျှောက် မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here