မတ် ၂၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ နောင်းချိန်းကျေးရွာအုပ်စုမှာရှိတဲ့ ခရစ်ယာန် သာသနာကျောင်းဝင်းနဲ့ ဘုရားကျောင်းဝင်းမှာ စစ်ရှောင်အယောက် ၄၀၀ နီးပါးရောက်ရှိနေကြပြီး ဆေးဝါး၊ အစားအစာနဲ့ ရေတွေလိုအပ်နေတယ်လို့ သိရပါတယ်။
အထက်ပါ စစ်ရှောင်တွေအပြင် အခြားစစ်ရှောင်တွေလည်း ထပ်ရောက်ဖို့ရှိသေးတဲ့အတွက် အဆောင်တွေထပ်ဆောက်ဖို့ လိုအပ်နေသေးတယ်လို့ စစ်ရှောင်တာဝန်ခံ ဆရာခေါင်ဒေါင်က ပြောပါတယ်။
” လောလောဆယ်လိုအပ်တာက ရေဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ ရေတွင်းတစ်ခုပဲရှိတယ်။ လူက အယောက် ၆၀၀ ကျော်မယ်။ မနက်ဖြန်ထပ်ရောက်မယ်။ ဒုတိယတစ်ခုက အစားအစာ၊ တတိယက အဆောင်၊ ဖျားနားတာတွေရှိတဲ့အတွက် ဆေးဝါးတွေလိုအပ်တယ်။“လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က အောင်မြေ(၁) ကျေးရွာစစ်ရှောင်စခန်းကနေ စန်းကားကျေးရွာကို ပြောင်းရွှေ့နေထိုင်နေတဲ့ စစ်ရှောင်တွေဟာ မတ်လ ၁၈ ရက်နေ့မှာ နောင်းချိန်းကျေးရွာကို ထပ်မံပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာက တချို့စစ်ရှောင်တွေနဲ့ တခြားတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေက စစ်ရှောင်တွေလည်း နောင်းချိန်းကျေးရွာကို ထပ်မံရောက်ရှိလာကြတယ်လို့ သိရပါတယ်။
မနေ့ကမတ်လ ၂၁ ရက်နေ့မှာ ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာက ကျန်ရှိနေတဲ့ ဒေသခံတွေကို ထပ်မံပြီး သွားရောက်ခေါ်ထုတ်ရာမှာ ရွှေညောင်ပင်ကျေးရွာမှာရှိတဲ့ ၃၂၁ တပ်ရင်းက ဖြတ်ခွင့်မပေးတဲ့အတွက် ဒီနေ့ထပ်မံခေါ်ထုတ်ဖို့ လုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။
အခုချိန်မှာ ဝိုင်းမော်မြို့တွင်းနဲ့ မြစ်ကြီးနားမြို့တွင်းရှိ စစ်ရှောင်စခန်းတွေမှာသာမက သက်ဆိုင်ရာ ခရစ်ယာန်အသင်းတော်က ဘုရားကျောင်းဝင်းတွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းတွေနဲ့ တခြားနီးစပ်ရာအသိုင်းအဝိုင်းတွေဆီမှာ သွားရောက်ခိုလှုံနေကြရပြီး အလားတူအကူအညီတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။
မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မြစ်ကြီးနား- ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေ တိမ်းရှောင်ခဲ့ရတာပါ။
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ကျေးရွာတွေတည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။







