မတ်၊၂၄
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာမှာ ပစ်သတ်ခံထားရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဆန်းကြွယ်တံတားထိပ်မှာ မတ်လ ၂၃ ရက်နေ့ ည ၉ နာရီလောက်က ပစ်သတ်ခံထားရပြီး အလောင်းကို လာပစ်ထားတာ ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
“ဆန်းကြွယ်ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်တွေ ရှိတယ်လေ။ အဲဒီကနေ ခိုးထွက်တဲ့အချိန် ပစ်သတ်ခံရတာထင်တယ်။“လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ဆန်းကြွယ်ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီအင်အား ၂၀ နဲ့ တပ်စွဲနေတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဆန်းကြွယ်ဘုန်းကြီးကျောင်းအောက်မှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီဝင်းမှာလည်း စစ်ကောင်စီအင်အား ၇၀ လောက်နဲ့ တပ်စွဲနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားရုပ်အလောင်းကို ရပ်မိရပ်ဖတွေနဲ့ နာရေးကူညီမှုအသင်းတွေက ဒီကနေ့မနက် ၉ နာရီမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးလည်း ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီတပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။







