မတ်၊၂၆
တိုက်ပွဲတွေကြောင့် မြစ်ကြီးနား- ပူတာအို ကားလမ်းပိုင်းပိတ်နေတာ နှစ်ပတ်ကျော်လာပြီဖြစ်ပြီး ပူတာအိုဒေသမှာ ကုန်ဈေးတောက်လျှောက်မြင့်တက်နေသလို ဒေသထွက် ရှာကောပစ္စည်းတွေ တင်ပို့ရောင်းချမှုမှာလည်း အခက်ခဲတွေရှိနေတယ်လို့ သိရပါတယ်။
ပူတာအိုဒေသကနေ မြစ်ကြီးနား ၊ မန္တလေး မြို့တွေကတဆင့် တရုတ်ပြည်ဘက်ကို ပို့တဲ့ ရှာကောအမွေးအကြိုင်တွေ ကားလမ်းပိုင်းပိတ်သွားတဲ့နောက် တင်ပို့ဖို့ အခက်အခဲရှိတာကြောင့် သောင်တင်နေတယ်လို့ ပူတာတာအို ဒေသခံတစ်ဦးက မြစ်ကြီးနားသင်းဂျာနယ်ကို ပြောပါတယ်။
“အဓိကတော့ ကားလမ်းပိတ်သွားတော့ ရောင်းမထွက်ဘူးပေါ့။ ရောင်းထွက်ရင်လည်း ဈေးအရမ်းနှိမ်ကြတာ။တချို့ကျတော့လည်း ရောင်းချင်ရင်တောင် ဝယ်မယ့်လူက မရှိဘူး အဲဒီလိုဖြစ်နေတာ။“လို့ ဆိုပါတယ်။
ကားလမ်းဖွင့်တဲ့ကာလမှာ ရှာကော(ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး) တစ်ပိဿာကို ကျပ်နှစ်သောင်းကျော်ရပေမဲ့ အခုချိန်မှာတော့ တစ်ပိဿာ တစ်သောင်းကျော်ပဲ ရကြသလို ဝယ်မယ့်သူလည်းမရှိဘူးလို့ ဆိုပါတယ်။
ပူတာအိုခရိုင်အတွင်းက ခေါင်လန်ဖူးဒေသဘက်မှာ အစိုက်များတဲ့ ရှာကောတွေဟာ ပူတာအိုဒေသခံတွေအတွက် ဝင်ငွေတစ်ခုဖြစ်သလို အများပိုင်းလည်း ရှာကောစိုက်ပျိုးရေးကို မှီခို လုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကားလမ်းပိတ်တာ နှစ်ပတ်ကျော်လာတဲ့ နောက်မှာတော့ ပူတာအိုမြို့တွင်းမှာ တချို့ကုန်တွေ ဝယ်မရတော့သလို ဆန်နဲ့ အခြားကုန်ပစ္စည်းတွေ ရရှိဖို့ခက်ခက်ခဲတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ပူတာအိုဒေသခံက ပြောပါတယ်။
“အခြေအနေက အခုတော့ ပိုဆိုးသွားတယ်။ ဆန်တွေဝယ်လို့မရတော့ဘူး။ အခုကတော့ အစားသောက်ပိုင်းတော့ အကုန်လုံး ဒုက္ခရောက်နေကြတာပေါ့။ ဒီထက်နည်းနည်း ကြာလာရင်တော့ အခြေအနေ ပိုဆိုးသွားနိုင်တာပေါ့။” လို့ ဒေသခံက ရှင်းပြပါတယ်။
လေယာဉ်နဲ့တင်တဲ့ ကုန်ပစ္စည်းတွေရှိပေမဲ့ ဈေးကြီးမြင့်သလို ဒေသဆန် တစ်အိတ်ကို ကျပ် ၁၄၀,၀၀၀(တစ်သိန်းလေးသောင်း)ရှိနေပြီး ကားလမ်းကနေ အဓိက တင်သွင်းတဲ့ အသားငါးတွေလည်း မရှိသလောက်ဖြစ်သွားပြီလို့ ဆိုပါတယ်။
ဒေသထွက် အသီးအနှံတွေနဲ့ ငါးရောင်းချတာတွေကိုလည်း အလုအယက်ဝယ်ယူကြတာကြောင့် ဒေသထွက်ပစ္စည်းတွေပါ ဈေးမြင့်တက်သွားတယ်လို့ ဆိုပါတယ်။
ပူတာအို မနက်ဈေးမှာ အမြဲခင်းလေ့ရှိတဲ့ စီဘီကြက် ရောင်းချတဲ့ တချို့ဈေးသည်တွေဆိုရင် ဈေးမထွက်တော့တာနဲ့ အောက်ပိုင်းဘက်က တင်သွင်းတဲ့ ပစ္စည်းတိုင်း ဈေးမြင့်တက်နေတယ်လို့ နောက်ထပ် ပူတာအို ဒေသခံတစ်ဦးကလည်း ပြောပြပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းမှာတော့ တချို့ဆီပန့်ဆိုင်တွေမှာဆိုရင် ဆိုင်ကယ်တစ်စီးကို ငါးထောင်ဖိုးပဲ ထည့်ပေးတာ စသဖြင့် အကန့်အသတ်သဘောနဲ့ ထိန်းရောင်းတဲ့ အခြေအနေလည်း ရှိနေသလို စက်သုံးဆီပန့်ဆိုင်တချို့ပိတ်လာတာလည်း ရှိတယ်လို့ သိရပါတယ်။
မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက်နဲ့ ပူတာအိုလမ်းပိုင်း ဆွမ်ပရာဘွမ်မြို့နယ်ဘက်မှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲပြင်းထန်လာတဲ့နောက် မတ်လ ၉ ရက်နေ့လောက်နေကနေ မြစ်ကြီးနား- ပူတာအို ကားလမ်းပိုင်း အတက်အဆင်း ပိတ်သွားတာဖြစ်ပါတယ်။







