မတ်၊၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့ဒေသမှာ မိုးသီးကျရောက်မှုကြောင့် နေအိမ် ခေါင်မိုးအများအပြား ပျက်စီးသွားပြီး သွပ်တွေ အလုအယက်ဝယ်ယူ နေကြတယ်လို့ သိရပါတယ်။
မနေ့ည ၁၁ နာရီ အချိန်လောက်မှာ သာမန်ထက်ကြီး(ဂေါက်သီးအရွယ်ခန့်)တဲ့ မိုးသီးတွေ ရွာချခဲ့ပြီး ဆိုင်းတောင်ကျေးရွာ/ရပ်ကွက် အားလုံးလိုလိုက နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက် သွပ်ဝယ်ယူသူတွေ များလွန်းတဲ့အတွက် ဆိုင်းတောင်ကျေးရွာအတွင်း သွပ်ရောင်းတဲ့ ဆိုင်အားလုံးလိုလို သွပ်တွေပြတ်လပ်ကုန်တယ်လို့ ဆိုင်းတောင်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“လူကတော့ ကြိတ်ကြိတ်တိုးပဲ။ အောင်ကုန်မာမှာ ကြောက်တောင် ကြောက်တယ်။ ဒီမနက်လုံး သွပ်သယ်တဲ့ သူတွေပဲ တွေ့တော့တယ်။ မနက်အစောကြီး ယူတဲ့သူတော့ ရတယ်။ ၉ နာရီ ၁၀ နာရီနောက်ပိုင်း ဝယ်တဲ့သူဆို ဝယ်မရတော့ဘူး။ ယူမာဘက်တော့ မကုန်သေးဘူးကြားတယ်”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် အရင်က အရောင်ပါသွပ်တစ်ပေကို ကျပ်နှစ်ထောင်ကျော်သာပေးရပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ချို့ဆိုင်တွေမှာ တစ်ပေသုံးထောင်အထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။
” ၁၀ နှစ်ကျော် သက်တမ်းလောက်ရှိတဲ့ အိမ်တွေတော့ လက်တစ်ဖက်ဝင်လို့ရတဲ့ အထိပေါက်သွားတာ။ ခု အိမ်ကပေါက်သွားတာ ပြန်ပြင်မယ်ဆိုရင် ၁၀သိန်းလောက် ကုန်မယ့်အလားအလာ ရှိနေပြီ”လို့ နေအိမ်ပျက်စီးသွားတဲ့ အထက်ပါ ဆိုင်းတောင် ဒေသခံက ဆက်လက် ပြောပြတာပါ။
ဆိုင်းတောင်ကျေးရွာအုပ်စုက ရပ်ကွက် ၆ ခုလောက်က နေအိမ်အများအပြား မိုးသီးဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး ဖားကန့်မြို့အတွင်းက အခြားကျေးရွာအချို့မှာလည်း အလားတူ ကြုံတွေ့ခဲ့ရတယ်လို့ ကြားသိရပါတယ်။







