တနိုင်းမြို့နယ်၊ ပိန္နက်ကျေးရွာအတွင်း အသက်အရွယ် နှစ်ပိုင်းခွဲပြီး လူဦးရေစာရင်း ကောက်ယူနေ

350

 

မတ်၊၂၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ပိန္နက်ကျေးရွာအတွင်း အသက်အရွယ် နှစ်ပိုင်းခွဲပြီး လူဦးရေစာရင်း ကောက်ယူတာတွေ ရှိတဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၂၇ ရက်နေ့မနက်က မြို့နယ်ပညာရေးရုံးက ညွှန်ကြားချက်နဲ့ဆိုပြီး အသက် ၁၈ နှစ်ကနေ ၄၆ နှစ်ကြားက အမျိုးသား/သမီးစာရင်းနဲ့ လေးနှစ်ကနေ ၈ နှစ်အရွယ် ကလေးတွေရဲ့ စာရင်းကို ကောက်ယူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စာရင်းကောက်ခံမှုနဲ့ ပတ်သက်ပြီး အကြောင်းအရင်းကို မသိရှိရတဲ့အတွက် စိုးရိမ်မိတယ်လို့ ဒေသခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

အမျိုးသား/သမီး ကျား/မရွေးဘူးပေါ့။ ဘာလို့ ကောက်ခိုင်းလဲတော့ မသိဘူး။ စစ်မှု မထမ်းမနေရလည်း ပြောနေကြတော့ စိုးတော့ စိုးရိမ်တာပေါ့”လို့ ဆိုပါတယ်။

အိမ်ခြေ ၂၀ ကျော်လောက်သာရှိတဲ့ ပိန္နက်ကျေးရွာဟာ လူဦးရေ ၁၄၀ ကျော် နေထိုင်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုပဲ အဓိကထား လုပ်ကိုင်ကြတာပါ။

ပူတာအိုခရိုင်မှာလည်း လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန( လဝက)က ကောက်ယူထားတဲ့စာရင်းထဲ လုံရှာယန်ကျေးရွာအုပ်စုအတွင်းက အသက် ၃၀ ကနေ ၃၅ နှစ်အရွယ်ကြား အမျိုးသား ၈၀ ကျော် ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အထက်ပါ လဝက ကောက်ယူထားတဲ့ စာရင်းထဲသေဆုံးသူတွေရဲ့ နာမည်စာရင်းတွေသာမက ပညာရေးဝန်ထမ်း၊ မသန်စွမ်းသူတွေနဲ့ ဘာသာရေးဆရာတွေပါ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး မတ်လ လဆန်းပိုင်းလောက်ကတည်းက နိုင်ငံအနှံ့ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေပါမကျန် လူဦးရေစာရင်းကောက်နေတဲ့အပြင် စစ်မှုထမ်းဖို့လည်း ဆင့်ခေါ်စာတွေ ရောက်ရှိနေပြီးတော့ ကချင်ပြည်နယ်မှာလည်း ခရိုင်မြို့တွေက ရပ်ကွက်/ကျေးရွာတွေမှာ ဆင့်ခေါ်စာတွေ ရောက်ရှိနေပါတယ်။

စစ်မှုထမ်းဖို့အတွက် အကျုံးဝင်သူတွေကတော့ အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်းဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ အသက် ၃၀ ကနေ ၃၅ နှစ်အတွင်းက အမျိုးသားတွေကို ခေါ်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here