လွယ်ဂျယ်-ဗန်းမော်လမ်း တစ်လျှောက် ထိန်းချုပ်ထားတဲ့ စိန်လုံတပ်စခန်းကြီးကို သိမ်းပိုက်ပြီးစီးကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

244

 

ဧပြီ၊၁

စစ်ရေးအရ အရေးပါတဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်က စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ၂၄ နာရီအတွင်း အပြီးတိုက်ခိုက်သိမ်းပိုက် နိုင်ပြီလို့ သိရပါတယ်။

မတ်လ ၂၇ ရက်နေ့ကနေစပြီး စိန်လုံတောင်တပ်စခန်းကြီးအနီးအနားက စခန်းငယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ မတ်လ ၃၁ ရက်နေ့ ညကနေ စိန်လုံတပ်စခန်းကြီးကို တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

လွယ်ဂျယ်မိုးမောက်ကြား တစ်ကြောမှာ ၂၇ ရက်နေ့ကနေ တိုက်ပွဲစပြီ။ ယောယုံတို့၊ ကာကင်းတို့ကို ၂၇ ရက်နေ့ကနေ ဆက်တိုက် စပစ်တာ။ မနေ့ည ၃၁ ရက်နေ့ညမှာတော့ စိန်လုံတောင်ကို ပစ်တာ ဒီကနေ့မနက် ဧပြီ ရက်နေ့ နာရီ မိနစ် ၃၀လောက်မှာ အပြီး သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် မိုးမောက်-လွယ်ဂျယ်တစ်ကြောက စိန်လုံအပြင် ယောယုံတပ်စခန်းကြီး၊ လော့မွန် (Lawmun) စခန်းအပါအဝင် လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီးနဲ့ ရှေ့တန်းကာကင်းစခန်းတွေ စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

စိန်လုံတောင် တပ်စခန်းကြီးဟာ လွယ်ဂျယ်-ဗန်းမော်လမ်းပိုင်းကို အဓိက ထိန်းချုပ်ထားတဲ့ တပ်စခန်းတစ်ခု ဖြစ်တဲ့အပြင် မိုင်ဂျာယန်အတွင်းက KIAတပ်မဟာ ၃ ဘက်ကို လက်နက်ကြီးပစ် ခြိမ်းခြောက်နေတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

စိန်လုံက အရမ်းအရေးကြီးတဲ့ နေရာဟုတ်တယ်။ လွယ်ဂျယ်ဗန်းမော်လမ်းမှာ အကုန်လုံးကို ထိန်းချုပ်ထားတဲ့ ဗျူဟာ ဟုတ်တယ်။ အဲဒီမှာ အရမ်းအရေးကြီးတဲ့ တပ်စခန်း နှစ်ခုရှိတယ်။ ယောယုံနဲ့ စိန်လုံပေါ့။ မိုင်ဂျာယန် တပ်မဟာ ကို အချိန်ပြည့် ခြိမ်းခြောက်ပြီး အချိန်မရွေး လက်နက်ကြီးတွေ ပစ်ပေးတာ ယောယုံနဲ့ စိန်လုံဟုတ်တယ်။ ပြည်သူတွေရဲ့ အသွားလာကအစ ဂိတ်စခန်းကြီး ထိုင်ပြီး စစ်ဆေးတာလည်း စိန်လုံကတပ်တွေပဲလို့ ပြောပါတယ်။

ဒီကနေ့မနက် သိမ်းရတဲ့ စိန်လုံဗျူဟာကုန်းဟာ ဖက်ဆစ်ဂျပန်စစ်အောင်ပွဲခံ မနောကွင်း အထက်နားမှာရှိတဲ့ တောင်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေထားပါတယ်။

ဖက်ဆစ်အောင်ပွဲခံမနောပွဲ (Padang Manau) ကို စိန်လုံ(Sinlum) မှာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ ကျင်းပခဲ့ကြတာဖြစ်ပြီး “ဖက်ဆစ်အောင်ပွဲခံ မနောကွင်း လွတ်မြောက်ပြီ”လို့ လည်း ဒေါက်တာတူးခေါင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here