မိုးမောက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နည်ကြီးကျည်ကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီး

115
KIA စစ်သင်တန်းတစ်နေရာ

ဧပြီ၊ ၂၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ မိုးမောက်ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့အခြေစိုက် ခလရ ၄၃၇ တပ်က လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်တို့ဟာ ခါနန်ရပ်ကွက်အနီး လမ်းမကြီးနံဘေးမှာ ဒီကနေ့မနက်ပိုင်း ၇ ခွဲလောက်ကနေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကို ပြောပါတယ်။

လေယာဉ်နဲ့ လာပစ်လို့ဟုတ်တယ်။ ခါနန်ဘက်ကဟုတ်တယ် ပျက်တာက။ ခါနန် RC ဘုရားကျောင်းရှေ့က မီးကြိုးတွေ အားလုံးပျက်သွားတယ်။ လမ်းမှာလည်း တော်တော်လေး ပေါက်ပြီးပျက်သွားတယ်။ လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အချိန် စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့သလို တပ်ကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ခါနန်ရပ်ကွက်က နေအိမ်တစ်လုံး အပြင် လမ်းမပေါ်က မီးကြိုးနဲ့ လမ်းတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ခါနန်ရပ်ကွက်ဘက်မှာ ဒီကနေ့တစ်မနက်လုံး လက်နက်ကြီးတွေ ပစ်ခတ်သလို ရွာဘက်မှာလည်း လက်နက်ကြီးကျတာကြောင့် အိမ်တစ်အိမ် ပျက်စီးသွားပြီး ဒေသခံတစ်ဦး ထိခိုက်သွားတယ်လို့ ခူးလီရွာ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

မနေ့က ညပိုင်းကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခူးလီရွာက စပါးတွေ ထည့်ထားတဲ့နေရာနဲ့ ဆိုင်ကယ်သုံးစီး မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ တစ်နာရီဝန်းကျင်လောက်ထိ မိုးမောက်မြို့မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံနေအိမ် ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မိုးမောက်မှာ ဒီမနက် နာရီခွဲလောက်ကနေ တိုက်ပွဲဖြစ်တာက ဒီနေ့ နေ့လယ် တစ်နာရီ လောက်ထိ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ အဲဒီမှာ လေယာဉ်နဲ့ လာပစ်တာတွေရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။မိုးမောက်က ဒေသခံတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး သွားတယ်လို့ ကြားရတယ်။လို့ ဆိုပါတယ်။

မိုးမောက်မြို့နယ်ထဲကို စစ်ကောင်စီက မိုးမောက်မြို့အခြေစိုက်တပ်အပြင် ဗန်းမော်ဘက်မှာရှိတဲ့ တပ်တွေဘက်ကနေလည်း လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလဆန်းပိုင်းတုန်းကလည်း စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိုးမောက်မြို့ပေါ်က အလှပြင်ဆိုင်တစ်ဆိုင်နဲ့ နေအိမ်တစ်လုံး သွပ်တွေလှန်တဲ့အထိ ပျက်စီးတာရှိခဲ့ပါတယ်။

မိုးမောက်မြို့နဲ့ ခူးလီဘက်က ဒေသခံတွေကတော့ စစ်ရေးအခြေအနေတင်းမာလာကတည်းက တောတောင်တွေဘက်ကို အများပိုင်း တိမ်းရှောင်သွားကြတာဖြစ်ပြီး မြို့ပေါ်မှာတော့ လူအနည်းစုသာ ကျန်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here