မေ၊ ၂
မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းပိတ်လိုက်တဲ့နောက် ကုန်ပစ္စည်းတွေ ပြတ်လပ်နေတဲ့ ပူတာအိုမြို့မှာ ဆေးဝါးတွေလည်း ပြတ်လပ်နေသလို တခြားမြို့တွေဘက် သွားရောက်ဆေးကုသရမယ့် လူနာတွေလည်း အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းပိုင်းပိတ်တဲ့နောက် လေယာဉ်လက်မှတ်ရရှိမှု ပိုပြီးခက်ခဲသွားတာကြောင့် ပူတာအိုမြို့က တဆင့် မြစ်ကြီးနား၊ မန္တလေးမြို့ဘက်ကို သွားရောက်ကုသရမယ့် အရေးပေါ်လူနာတွေ အချိန်မီ သွားရောက် မကုသနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပူတာအိုဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဆေးဝါးအပြင်ကို ကျန်းမာရေးမကောင်းလို့ ကြီးကြီးမားမား ကုသမယ်ဆိုရင်တောင်မှ အခက်အခဲအများကြီးရှိတယ်။လေယာဉ်လက်မှတ်ကလည်း လုံးဝမရဆိုတော့ တချို့ဆိုရင် အချိန်မီ မကုသနိုင်ဘူးဖြစ်တာ။နောက်ဆေးဝါးတွေက အခုဆိုရင် အရမ်းဈေးကြီးသွားပြီ။“ လို့ ဆိုပါတယ်။
မြစ်ကြီးနားခရီးစဉ် လေယာဉ်လက်မှတ်နေရာတွေ ပြည့်နေပြီး လက်မှတ်ဈေးကလည်း နဂိုကထက် ပိုပြီးမြင့်တက်သွားသလို ဆေးဝါးတွေကိုလည်း လေယာဉ်နဲ့ပဲသယ်ယူတဲ့အတွက် ဆေးဝါးဈေးနှုန်းတွေလည်း ၃ဆ နီးပါး မြင့်တက်သွားတယ်လို့ ဆိုပါတယ်။
လက်မှတ်ဝယ်ထားပြီး လေယာဉ်ထွက်ခါနီးမှ Cancel ဖြစ်သွားတဲ့ ခုံနေရာတွေမှာ
တစ်ခါတလေ လိုက်စီးကြတာမျိုးရှိပေမဲ့ အမြဲတမ်းမဟုတ်တဲ့အတွက် လက်မှတ်ရဖို့ ခဲယဉ်းတယ်လို့ ပြောပါတယ်။
ဒီလို လမ်းပိုင်းပိတ်သွားတဲ့နောက် အရင်က သုံးထောင်ဝန်းကျင်သာပေးရတဲ့ ဆေးကို ခုနှစ်ထောင်ဝန်းကျင်နဲ့ ဝယ်ယူအသုံးပြုရသလို ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ နောက်ထပ် ပူတာအိုဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ဆေးဝါးပြတ်လပ်မှုတွေနဲ့ ဆေးရုံတွေမှာလည်း ပုလင်းကြီးချိတ်ရမယ့်ဟာတွေ မရှိသလောက် အနေအထားဖြစ်လာပြီ။ ပူတာအိုနဲ့ မြစ်ကြီးနားကားလမ်း အဆင်မပြေတဲ့ အခါကျတော့ လူနာတွေကို အသက်ဆုံးရှုံးရတာ လည်းရှိတယ်။“ လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိအချိန် ပူတာအိုမြို့မှာတော့ စက်သုံးဆီတွေလည်း ရဖို့ခက်ခဲနေတာကြောင့် ယာဉ်အသွားအလာတွေလည်း နည်းပါးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီနား- ပူတာအို ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာမြို့နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားတဲ့နောက် မတ်လ ၉ ရက်နေ့ ကတည်းကနေ မြစ်ကြီးနား- ပူတာအိုလမ်းပိုင်း ပိတ်သွားတာဖြစ်ပြီးတော့ အခုဆိုရင် ၂ လနီးပါး ကြာမြင့်လာပြီပဲဖြစ်ပါတယ်။







