KIO ဌာနချုပ် လိုင်ဇာမြို့ဘက်ကို တရုတ်ဘက်အခြမ်းက စက်သုံးဆီကူးသန်းရောင်းဝယ်ခွင့် ပိတ်ပင်ထား

217

 

မေ၊၂၁

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ဘက်ကို တရုတ်ပြည်ဘက်အခြမ်းကနေ စက်သုံးဆီကူးသန်းရောင်းဝယ်ခွင့် ပိတ်ပင်ထားတာ တစ်ပတ်လောက်ရှိလာပြီလို့ လိုင်ဇာဒေသခံတွေဆီကနေ သိရပါတယ်။

မေလ တတိယအပတ်လောက်ကနေ တရုတ်ဘက်အခြမ်းဂိတ်က ရုတ်တရက် လိုင်ဇာမြို့ဘက်ကို စက်သုံးဆီသယ်ခွင့် ပိတ်လိုက်ကြတာလို့ လိုင်ဇာမြို့ခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

စက်သုံးဆီသယ်ကားတွေ ဖြတ်သန်းခွင့် ပိတ်ထားတာ တစ်ပတ်လောက် ရှိလာပြီ။ ခုက စက်သုံးဆီသယ်ကားကြီးတွေ လုံးဝမဝင်တော့ဘူး။ ကုန်စိမ်းရောင်းတဲ့သူတွေကို မဖြတ်ခိုင်းတာက ဒီမနက်ကပဲ ဟုတ်တယ်လို့ ဒေသခံက ပြောပါတယ်။

လက်ရှိအချိန် လိုင်ဇာမြို့အတွင်း ဓာတ်ဆီ တစ်လီတာကို ၇,၀၀၀ ကျပ်ပေးဝယ်နေရပြီး ဆိုင်အချို့မှာ စက်သုံးဆီပြတ်လပ်တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

စက်သုံးဆီသယ်ကားတွေကို ဖြတ်သန်းခွင့် ပိတ်ပင်ထားတဲ့အပြင် တရုတ်ပြည်ဘက်အခြမ်း နားဘန်းရွာကနေ လိုင်ဇာမြို့ဘက် ကုန်စိမ်းလာရောက်ရောင်းချတဲ့ ဈေးသည်တွေကိုပါ ဒီကနေ့မနက် (မေလ ၂၁ ရက်နေ့) ကနေ တရုတ်-လိုင်ဇာဂိတ်က သွားလာခွင့် တားဆီးထားတဲ့ ပုံစံတွေ့ရှိရတယ်လို့ အထက်ပါ ဒေသခံရဲ့ ထပ်မံ ပြောပြချက်အရ သိရတာပါ။

ဒီမနက် တရုတ်ခြမ်းဘက်ကနေ လိုင်ဇာဘက် ဖြတ်တဲ့ဂိတ်မှာ ကုန်ပစ္စည်းတွေ မဖြတ်ခိုင်းဘူး။ ဈေးသည်တွေ အဲဒီမှာပဲစုပြီး နေနေကြတယ်။ ဈေးရောင်းတဲ့သူတွေနဲ့ ဘာတွေဆွေးနွေးနေကြလဲ မသိဘူး“လို့ ပြောပါတယ်။

နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း ကုန်စိမ်းတင်တဲ့ကားတွေကို ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ ကြားသိရပေမဲ့ တစ်ချို့ဈေးသည်တွေကတော့ လိုင်ဇာဘက်အခြမ်းကို ခြေကျင်နဲ့ သယ်ဆောင်ရောင်းချတာမျိုး ကြားသိရတယ်လို့ ဆိုပါတယ်။

အရင်က သူတို့သုံးဘီးတွေနဲ့ ကုန်စိမ်းတွေသယ်ပြီး လက်မှတ်ဖြတ်ပြီးတော့ သွားလာကြတာ။ ဒီမနက်က ဂိတ်ကနေ ဒီဘက်ခြမ်းအထိ လက်နဲ့ မပြီး သယ်ခိုင်းတယ်လို့ ကြားတယ်။ အတိအကျတော့ မသိရဘူး။ သူတို့ဘက်က နည်းနည်း တင်းကျပ်လိုက်တဲ့ သဘောပဲလို့ ဆိုပါတယ်။

ဒီကနေ့မနက် ကုန်စိမ်းသည်ကိစ္စအရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) တို့ နှစ်ဖက်အဖွဲ့အစည်းကနေ တရားဝင် ညွှန်ကြားလုပ်ဆောင်တာမျိုး မတွေ့ရှိရသေးဘူးလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အတိအကျတော့ မသိရဘူး။ နောက်တစ်ခုက လိုင်ဇာဘက်အခြမ်းလည်း ခုက မြို့သစ်၊ကုန်းလော၊ ဒေါ့ဖုန်းဘက် လမ်းပွင့်သွားတော့ အဲဒီဘက်ကလည်း ကုန်စိမ်းတွေ ဝင်တယ်။ အဲဒီဘက်က ဝင်တာက ဈေးသက်သာတယ်။ ဆိုတော့ ဈေးသည်တွေ အချင်းချင်း အခက်အခဲ ဖြစ်ကြတာလား။ အစိုးရ(တရုတ်)ဘက်က တရားဝင်ပိတ်တယ်ဆိုတာမျိုး စာလည်း မတွေ့ဘူး။ ညွှန်ကြားတာလည်း မကြားဘူးလို့ ဆိုပါတယ်။

လိုင်ဇာမြို့ဘက်ကို စက်သုံးဆီကူးသန်းရောင်းဝယ်ခွင့် ပိတ်ပင်ထားတာမှန်ကန်ပြီး ဘယ်လို အကြောင်းအရင်းတွေကြောင့် ဆိုတာတော့ မသိရှိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဓါတ်ပုံ- လိုင်ဇာမြို့အားတွေ့ရစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here