မေ၊၂၂
မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲဟာ မြို့ပေါ်ရပ်ကွက်တွေအထိ ဦးတည်လာနေတယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းက နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)နဲ့ PDF ပူးပေါင်းတပ်တွေကနေ မနေ့က (မေလ ၂၁ ရက်နေ့) ညပိုင်းမှာ အပြီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အထက်ပါ တပ်စခန်းကြီး သိမ်းပိုက်အပြီးမှာတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့သာမက မြစ်ကြီးနားမြို့ အမြောက်တပ်ကနေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီလောက်မှာလည်း ဝိုင်းမော်မြို့ ရဲစခန်းရဲ့ အနောက်ဘက်အခြမ်း ရပ်ကွက် ၃ ဧရိယာအနီး နှစ်ဖက်တပ် အပြန်အလှန် ပစ်ခတ်သံတွေကြားရပြီး တိုက်ပွဲဟာ မြို့ပေါ်ကို ဦးတည်လာနေတယ်လို့ ဝိုင်းမော်မြို့နေ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ရဲစခန်းနောက်ကြောဘက် ရပ်ကွက် ၃ ဘက် တိုက်ပွဲတွေ ဖြစ်နေတာ။ ဝိုင်းမော်မြို့ပေါ် တိုက်ပွဲ ရောက်သွားပြီလို့ ပြောလို့ရတာပေါ့“လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဝိုင်းမော်ရဲစခန်းလည်း မနေ့က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး ရဲတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လက်ရှိ အခြေအနေမှာတော့ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ လက်နက်ကြီးသံတွေ ညစဉ် အဆက်မပြတ် ကြားနေရတဲ့အတွက် ဒီကနေ့မနက်ကစပြီး စတင်တိမ်းရှောင်နေပြီလို့ နောက်ထပ်ဒေသခံ ပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။
“အောင်မြေ ၁၊ အောင်မြေ ၂ ဘက်လည်း မနေ့က တစ်ညလုံးလို ကြောက်စရာကောင်းအောင် လက်နက်ကြီးတွေ ကြားနေရတယ်။ အိပ်လို့တောင် မရဘူး။ ဒီမနက်လည်း ဘယ်ဘက်တော့ မသိဘူး အသံတွေ ကြားနေရတယ်“လို့ ပြောပါတယ်။
အဲဒီလို နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဝိုင်းမော်မြို့ပေါ်နေ ပြည်သူအချို့ဟာ လဘန်၊ နောင်းချိန်း၊ ဟန်ကောစတဲ့ ကျေးရွာတွေက စစ်ရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေကြရပြီး တချို့ကတော့ မြစ်ကြီးနားမြို့ဘက်က နီးစပ်ရာဆွေမျိုးတွေဆီ သွားရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
အထက်ပါ ကျေးရွာတွေသာမက ဝိုင်းမော်မြို့နယ်အတွင်းက အောင်မြေ၁၊ အောင်မြေ ၂ ကျေးရွာ ဒေသခံပြည်သူတွေဟာ ရွာအတွင်းတိုက်ပွဲ အခြေအနေကြောင့် မတ်လကတည်းက တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။
ခတ်ချိုကျေးရွာဘက်က ဒေသခံပြည်သူတွေဟာလည်း ရွာအနီးအနား လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေပါ ရှိလာတဲ့အတွက် လုံခြုံရေးအရ စတင်တိမ်းရှောင်နေကြပြီ လို့လည်း ကြားသိရပါတယ်။
ဝိုင်းမော်-လိုင်ဇာ လမ်းမတစ်လျှောက်မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံးကို KIA က သိမ်းပိုက်လိုက်ပြီလည်း ဖြစ်ပါတယ်။
ဝိုင်းမော်မြို့ပေါ်နဲ့ အနီးဆုံးဖြစ်တဲ့ စစ်ကောင်စီရဲ့ ခမရ ၃၂၁ အနီးဝန်းကျင်က တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မေလ ၁၈ ရက်နေ့ကစပြီး တစ်ပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
ထိုးစစ်ဆင်နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ ဂါးရာယန်ကျေးရွာနဲ့ ၃၂၁ တပ်စခန်းကြားက လုံဇက်ကောင်တပ်စခန်းကြီးအပြင် ဒဘတ်ချောင်းကူး တံတားထိပ်က ကဇူးတပ်စခန်းကြီးတို့ကို သိမ်းပိုက်ပြီးနောက် ဒီကနေ့ညမှာတော့ ကျန်ရှိနေတဲ့ ၃၂၁ တပ်စခန်းကြီး သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ဝိုင်းမော်–လိုင်ဇာလမ်းပိုင်းတော့ ဝိုင်းမော်ပဲ ကျန်တော့တာပေါ့။ အထက်ဘက်တော့ အကုန်ကင်းစင်သွားသလောက် ဟုတ်ပြီ။ ၅၈ ကတော့ ကန်ပိုင်တီလမ်းပိုင်းပေါ့။ ဒီဘက်ကတော့(ဝိုင်းမော်–လိုင်ဇာ လမ်းပိုင်း) ခုချိန်ထိတော့ စခန်းကြီးတွေ အကုန်ကုန်ပြီ“လို့ KIO/KIAပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့အနီးက အူထောင်ဘွမ်တပ်စခန်းနဲ့ ခါးရှိ၊ အောင်မြေ၁၊ အောင်မြေ၂ကျေးရွာအတွင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စခန်းချ နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း KIA ဘက်က တိုက်ပွဲဖော်ဆောင်တဲ့ နှစ်ရက်တာအတွင်းမှာ အပြီးရှင်းထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ဘက်မှာလည်း မြို့တွင်းနေရာအချို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေ စုပေါင်းပြီး မသင်္ကာတဲ့ လမ်းသွား၊ လမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတဲ့အပြင် စစ်ကောင်စီက ည ၁၀ နာရီနောက်ပိုင်းအပြင်ထွက်မရ အမိန့်ပါထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။







