မေ၊၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မနေ့ညနေပိုင်းလောက်ကစပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် မြေနိမ့်ရပ်ကွက်က နေအိမ်တွေထဲ ရေဝင်ရောက်ပြီးတော့ ညတွင်းချင်း ရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
ရေဝင်ရောက်လာတာကြောင့် မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေကနေ ကယ်ညီကယ်ဆယ်ရေးတွေ လုပ်ခဲ့ရတယ်လို့ ဧရာဝတီကရုဏာ အခမဲ့လူမှုကူညီရေး အသင်းအဖွဲ့မှာရှိတဲ့ အဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ ကျွန်တော်တို့ သွားကြည့်တဲ့အချိန် မနေ့ည ၉ နာရီလောက်ဟုတ်တယ်။ ရေအရမ်းတက်နေတယ်။ ရေအရမ်းဝင်နေပြီး လူတွေကိုရော တိရိစ္ဆာန်တွေကိုရော ကယ်ထုတ်ခဲ့တာ။ ဒီမနက် မိုးလည်းအရမ်းရွာနေတယ်။”လို့ အထက်ပါ အဖွဲ့ဝင်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရေဘေးသင့်ပြည်သူတွေဟာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေတာဖြစ်ပြီး ရေဘေးသင့်ပြည်သူတွေရဲ့ စာရင်းအတိအကျကိုတော့ ပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့က မြေနိမ့်ရပ်ကွက်တွေ ဖြစ်တဲ့ ရမ်ပူနဲ့ ကြက်ပေါင်ခြံ ရေဝင်ရပ်ကွက်တွေက ပြည်သူတွေကို ဧရာဝတီကရုဏာအခမဲ့ လူမှုကူညီရေးအဖွဲ့နဲ့ မီးသတ်အဖွဲ့တွေ ပေါင်းပြီး ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို မြစ်ကြီးနားမြို့မှာ မြစ်ရေမြင့်တက်လာတာဟာ ဧရာဝတီမြစ်အထက် မေခနဲ့ မလိခ မြစ်ရေတွေ မြင့်တက်နေတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” ဟာ ကုန်တွင်းပိုင်း ဖြတ်ကျော်ဝင်ရောက်ပြီးရင် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးလေဝသဌာနတွေက ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးထားပါတယ်။ အဲဒီလိုသတိထားရမယ့် အထဲမှာလည်း ကချင်ပြည်နယ် ပါဝင်နေခဲ့ပါတယ်။
မြစ်ကြီးနားဧရာဝတီမြစ်ရေဟာ တစ်နာရီကို တစ်ပေနှုန်းနဲ့ ဒီကနေ့မနက် ၂ နာရီခွဲ အချိန်လောက်အထိ မြင့်တက်ခဲ့ပြီး မနက် ၅ နာရီခန့်ကစပြီးတော့ တဖြည်းဖြည်း ပြန်ကျဆင်းလာတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေ မြင့်တက်တဲ့အတွက် မြစ်ကြီးနားမြို့မှာ
၁၉၇၉၊ ၁၉၉၇၊ ၂၀ဝ၄ ခုနှစ်တွေမှာလည်း မြို့တွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ရင် မြစ်ကြီးနားမြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မြို့သစ်ကြီး၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ရွှေညောင်ပင်၊ စီတာပူ၊ လယ်ကုန်း၊ ကျွန်းပင်သာနဲ့ ကချင်စုတွေမှာ ရေကြီးရေလျှံမှု အများဆုံး ဖြစ်ပွားတတ်ပါတယ်။
ပြည်နယ်မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွက်ချက်အရတော့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေအမှတ်ဟာ ၁,၀၁၇ စင်တီမီတာ အထိရောက်ရှိနေပြီး သတ်မှတ်ထားတဲ့ စိုးရိမ်ရေအမှတ်ကတော့ ၁,၂၀၀ စင်တီမီတာ ဖြစ်ပါတယ်။
ဓါတ်ပုံ- ဧရာဝတီကရုဏာ၊ အခမဲ့လူမှုကူညီရေးအသင်း







