ဇူလိုင်၊၁၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာဘက်မှာ စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်တင်းနေတဲ့အပြင် ရွာအတွင်း လှုပ်ရှားသွားလာ နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေ တောင်ယာအခင်းသွားဖို့ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီအချိန်လောက်က ပူတာအိုမြို့ဘက်ကနေ ကားနှစ်စီးနဲ့ တန်ဂျာကျေးရွာအတွင်းကို ရောက်လာပြီး စစ်ကောင်စီတပ်သား ခန့်မှန်းအင်အား ၁၀ ဦးကျော်ကို လာရောက်ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
တန်ဂျာကျေးရွာအတွင်း နဂိုမူလ စခန်းချနေထိုင်နေတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ထက်မနည်းရှိပြီး ဇူလိုင်လ ၁၃ ရက်နေ့က ထပ်တိုးအင်အားနဲ့ပေါင်းရင် ခန့်မှန်းအင်အား ၈၀ ထက်မနည်း ရှိနိုင်တယ်လို့ ပူတာအိုဒေသခံ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ပူတာအိုဘက်ကနေ ဖြည့်ထားတာ။ လူအပြောင်းအလဲလည်း လုပ်တယ်။ ဒေသခံတွေတော့ အရမ်းသတိထားပြီး နေနေရတာပေါ့။“လို့ ဆိုပါတယ်။
အင်အားလာရောက်ဖြည့်တင်းပြီးနောက် ပူတာအိုမြို့ဘက် ပြန်တက်သွားတဲ့ အထက်ပါ ကားနှစ်စီးနဲ့အတူ တန်ဂျာကျေးရွာအတွင်းက စစ်ကောင်စီတပ်သားအချို့ပါ လိုက်ပါစီးနင်းသွားတဲ့အတွက် လူအချို့ကို လာလဲတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ တန်ဂျာရွာအတွင်း စစ်သားအင်အား အများအပြား စခန်းချနေထိုင်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်နေပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၉ ရက်နေ့ကနေစပြီး တန်ဂျာကျေးရွာက ဒေသခံပြည်သူအချို့ကိုသာမက လမ်းသွား/လာ ပြည်သူအချို့ကိုပါ တားဆီးပြီး ဖုန်းစစ်ဆေးတာ၊ နာမည်စာရင်းကောက်ယူတာအပြင် မေးမြန်းတာတွေပါ လုပ်ဆောင်နေတာကြောင့်ပါ ဒေသခံတွေဟာ တောင်ယာအခင်းသွားတဲ့အချိန် သတိနဲ့ သွားလာရတယ်လို့လည်း သိရပါတယ်။
တန်ဂျာရွာအလယ် လမ်းမပေါ်မှာ စစ်ကောင်စီတပ်သား သုံးဦးလောက်အထိ နေရာယူ တားဆီးစစ်ဆေးနေတာဖြစ်ပြီး ဂိတ်ထိုင်တာမျိုးတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
လုံရှာယန်ကျေးရွာအုပ်စုအတွင်းက တန်ဂျာကျေးရွာမှာ လူဦးရေ ၅၀၀ ကျော် နေထိုင်တာလည်း ဖြစ်ပါတယ်။







