ဒီဇင်ဘာ၊၁၇
တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိဘဲ ဈေးအဆမတန်မြင့်မားနေတဲ့အတွက် ဒေသခံတွေ အခက်အခဲဖြစ်နေပါတယ်။
ကန်ပိုက်တီနယ်စပ်ဂိတ် ပိတ်ထားတဲ့အချိန် တရုတ်ဘက်က ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိတဲ့အတွက် ဝိုင်းမော်မြို့ဘက်က မှာယူရတာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်မားနေပြီး စားသောက်ရေးမှာ အခက်အခဲရှိတယ်လို့ ကန်ပိုက်တီဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဘယ်လိုမှ မလုပ်တတ်တော့ ကိုယ့်ဟာကိုယ် စိုက်စားတယ်။ ဝက်သား၊ အမဲသား မဝယ်စားနိုင်ဘူး။ ရတဲ့ပိုက်ဆံလည်း သုံးလို့ကုန်လာပြီ။ ဈေးကကြီးတော့ အသားဝယ်စားဖို့တောင် မလွယ်တော့ဘူး။ တတ်နိုင်သလိုပဲနေတော့တယ်။ တချို့က စားဖို့တောင်မရှိတဲ့သူတွေလည်း များတယ်”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ဘက်က ကုန်ပစ္စည်းတွေကို ကန်ပိုက်တီဘက် ပို့ကြပေမဲ့ ဆဒုံးမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဂိတ်မှာ အခွန်တွေ တိုးပြီးကောက်တဲ့အတွက် ကုန်ပစ္စည်းတွေ ဈေးကြီးတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန် ကန်ပိုက်တီမြို့မှာ ဆန်တစ်အိတ်ကို ကျပ် သုံးသိန်းနီးပါးအထိရှိနေပြီး ခြံပိုင်တဲ့ဒေသခံတွေကတော့ အသီးအရွက်တွေ စိုက်ပြီး ဝမ်းရေးဖြေရှင်းကြတာတွေရှိပေမဲ့ အများပိုင်းက ခြံမရှိကြဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့က စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၅၈) တပ်ရင်းအရှေ့မှာ လမ်းပိတ်ထားတဲ့အတွက် ဖြတ်သန်းသွားလို့ မရတာကြောင့် တခြားကွင်းလမ်းဘက်ကနေ ပတ်ပြီး ခ.လ.ရ( ၅၈)အထက်ပိုင်းက ကျေးရွာတွေအပါ ကန်ပိုင်တီဘက်ကို ကုန်ပစ္စည်းတွေ ပို့နေရတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ကန်ပိုင်တီနယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ပစ္စည်းဝင်ရောက်မှု ပိတ်ထားပေမဲ့ မြန်မာပြည်ဘက်က တရုတ်ဌက်ပျော်ကားတွေနဲ့ ဖရဲသီးတင်တဲ့ကားတွေ နေ့တိုင်းနီးပါး ဝင်ထွက်နေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
KIA သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့ ကုန်သွယ်ရေးဂိတ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွင့်ပေမဲ့ တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက်ကို လက်ရှိအချိန်အထိ ဝင်ရောက်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာဘာလ နောက်ဆုံးအပတ်က ကချင်အထူးဒေသ ၁ ကို KIA က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်လအကြာမှာပဲ ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီးတော့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက် ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ တရုတ်ပြည်ခရီးစဉ် တစ်ပတ်ခန့် ရက်အကြာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ခဲ့ပါတယ်။
လွယ်ဂျယ်ဂိတ်မှာတော့ လူသုံးကုန်၊စားသောက်ကုန်တွေ အနည်းငယ် တင်ပို့ထားတွေတော့ရှိပေမဲ့ စက်သုံးဆီနဲ့ လူအဝင်အထွက်ကိုတော့ တရုတ်ဘက် ခွင့်မပြုသေးဘူးလို့ လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။
“ဂိတ်က ဖွင့်ပြီဟုတ်တယ်။ ဒါပေမဲ့ ဘာမှဖြတ်တာတော့ မတွေ့သေးဘူး။ တမင် ဘာမှမဖြတ်ခိုင်းတာထင်တယ်။ လူသုံးကုန် ပစ္စည်းနဲ့ စားသောက်ကုန် အသီးအရွက်တွေပဲဖြတ်သေးတယ်။ တခြားတော့မကြားသေးဘူး။”အထက်ပါအမျိုးသားက ဆိုပါတယ်။
တရုတ်−မြန်မာနယ်စပ် ကချင်ပြည်နယ်က ကန်ပိုက်တီ၊ပန်ဝါ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ လိုင်ဇာစတဲ့ နယ်စပ်ဂိတ်တွေကို ဖွင့်ပေးခဲ့ပေမဲ့ အများစုမှာတော့ လူအဝင်အထွက် မရှိသေးတဲ့အပြင် တရုတ်ဘက်က ကုန်ပစ္စည်းတွေလည်း မြန်မာပြည်ဘက်ဝင်ရောက်တာတော့ မရှိသေးပါဘူး။







