တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့မှာ ဓာတ်ဆီဈေးတွေ မြင့်တက်

85

 

ဇန်နဝါရီ၊၉

တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့မှာ ဓာတ်ဆီကားတွေ ဝင်ရောက်မှုမရှိတာကြောင့် ဓာတ်ဆီဈေးတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ဆီတွေကို လိုင်းကားတွေကနေ တဆင့် မှာနေရပြီး ဈေးကြီးပေး သုံးစွဲနေရတယ်လို့ ပန်ဝါဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

တချို့က လိုင်းကားကနေ မှာယူပြီးမှ လမ်းဘေးမှာ ရောင်းပြီးမှ သုံးနေကြတယ်။ ဆီဆိုင်အကြီးမှာတော့ ဒီဇယ်တွေပဲရတယ်။ ဓာတ်ဆီတော့ လုံးဝမရဘူး။ တစ်ခါတလေ ရရင်တောင်မှ အရမ်းဈေးကြီးတာ ဟုတ်တယ်။လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ပန်ဝါမြို့မှာ ဓာတ်ဆီ တစ်လီတာကျော်ပါတဲ့ တစ်ဘူးကို တရုတ်ယွမ်ငွေ ၆၀ နီးပါး (မြန်မာငွေ ကျပ် သုံးသောင်းကျော်) ပေးနေရပြီး မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကလာတဲ့ ဓာတ်ဆီတွေကို ဝယ်သုံးနေရတာဖြစ်ပြီးတော့ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးအနည်းငယ်ကွာတယ်လို့ ပန်ဝါဒေသခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဈေးမတက်ခင်ကတော့ တစ်လီတာကို ၁၅ ယွမ်ပဲပေးရတယ်လို့ ဆိုပါတယ်။

ပန်ဝါမြို့မှာ တရုတ်ဘက်က ဓာတ်ဆီတွေနဲ့ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိတာကြောင့် ဈေးတွေ မြင့်တက်နေပြီး တရုတ်ဘက်က ကုန်စိမ်းတွေဝင်ပေမဲ့လည်း အရင်ကထက် ဈေးပိုပေး ဝယ်စားနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်၂၀၂၄ ခုနှစ် အောက်တိုဘာလက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေက ပန်ဝါမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အချိန် တရုတ်ဘက်က ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်ခဲ့ပြီးတော့ အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ပန်ဝါမြို့ကို KIA က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲဒီကတည်းက စက်သုံးဆီတွေ ဝင်ရောက်မှု မရှိတော့တာပါ။

ကချင်ပြည်နယ်အတွင်း တရုတ်- မြန်မာ တရားဝင်ကုန်သွယ်ရေးဂိတ်ရှိရာ လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီမြို့အပါ ဆွမ်ပရာဘွမ်မြို့၊ အင်ဂျန်းယန်မြို့နယ်၊ ဆဒုံး၊ ဆင်ဘိုမြို့၊ မြို့လှ၊ မိုးမောက်မြို့၊ မံစီမြို့၊ ချီဖွေမြို့၊ ဆော့လော်၊ ပန်ဝါ ၊ ဖီမော်စရှိတဲ့ ဒေသတွေကို KIA က သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်ဘက်က ဓါတ်ဆီတွေဝင်ရောက်မှုမရှိတာကြောင့် ကချင်ပြည်နယ်အတွင်း စက်သုံးဆီကို‌ ဈေးကြီးဝယ်အသုံးပြုနေကြရပြီး မြစ်ကြီးနားမြို့အတွင်း တစ်လီတာကို ကျပ်တစ်သောင်းကျော်အထိ ဈေးပေါက်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here