တရုတ်ငှက်ပျောခြံများကို အရင်အစိုးရလက်ထက်ကလည်း ခွင့်ပြုခဲ့ခြင်းမရှိဟု ၀န်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းငြင်းဆို

1290
ဦး လဂျွန် ငန်ဆိုင်း
တနိုင်းမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးလဂျွန်ငန်ဆိုင်း

မြစ်ကြီးနား၊ မေ ၂၉

ကချင်ပြည်နယ်အတွင်း ၀င်ရောက်နေသော တရုတ်တစ်သျှူးငှက်ပျောစိုက်ကုမ္ပဏီများနှင့် စိုက်ပျိုးမြေနေရာများကို ယခင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကလည်း ခွင့်ပြုပေးခဲ့ခြင်းမရှိဟု ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းက     ပြည်နယ်လွှတ်တော်တွင် ဖြေရှင်းပြောဆိုလိုက်သည်။

တစ်သျှူးငှက်ပျောခြံများ ကိစ္စနှင့်ပတ်သက်၍ ၀ိုင်းမော်မြို့နယ်မှ လွှတ်တော်အမတ် ဦးနော်လီ၏ ကြယ်ပွင့်ပြမေးခွန်းကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြသိန်းက ပြန်လည်ဖြေဆိုပြီးနောက် လွှတ်တော်ဥက္ကဋ္ဌထံ ခွင့်ပန်ကာ   ကြားဝင်ဖြေရှင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးနော်လီက ငှက်ပျောခြံများကို အစိုးရက တရားဝင်ခွင့်ပြုထားခြင်း ရှိ မရှိ၊ တရားဝင်ခွင့်ပြုထားသည့်    ဧကမည်မျှရှိသည်၊ တရားမ၀င်ဆောင်ရွက်နေသည့် ငှက်ပျောခြံကုမ္ပဏီများကို မည်သို့အရေးယူမည်တို့ကို   သိလိုကြောင်းမေးမြန်းချက်ကို “ယခုအစိုးရ လက်ထက်မှာခွင့်ပြုထားခြင်း မရှိပါဘူး။ လွန်ခဲ့သည့် ၈ နှစ်ခန့်ကခွင့်ပြုထားသည်ဟု ထင်ရသော်လည်း တရားဝင်ခွင့်ပြုထားကြောင်း သက်သေအထောက်အထား မရှိပါဘူး။ မည်သည့်ကုမ္ပဏီကိုမျှ စိုက်ပျိုးခွင့်မပြုရန် တရားဝင်ထုတ် ပြန်ထားပါတယ်”ဟု ၀န်ကြီးဦးမြသိန်းက ပြန်လည်ဖြေကြားခဲ့ပြီးနောက် တနိုင်းမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးလဂျွန်ငန်ဆိုင်းက “၀န်ကြီးဖြေသွားတဲ့အဖြေအရ ကျွန်တော်တို့ အစိုးရ(၂၀၁၁-၂၀၁၆ပြည်ခိုင်ဖြိုးအစိုးရ)ကနေပြီးဘယ်သူကိုမှ ခွင့်မပြုထားပါဘူး။ အခုစိုက်နေတဲ့ ငှက်ပျောစိုက်ခင်းကုမ္ပဏီ အားလုံး တရားမ၀င်ပါဘူး”ဟု ဖြေရှင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဦးနော်လီမေးမြန်းသည့် တရားမ၀င်ကုမ္ပဏီများကို အရေးယူဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်သည့် မေးခွန်းကိုဖြေကြားရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသော မြေစာရင်း၊ အထွေထွေအုပ်   ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနများမှ လက်ရှိအမှန်တကယ် စိုက်ပျိုးနေသည့် ကုမ္ပဏီ၊ မြေဧကနှင့် မြေအမျိုးအစားများကိုစိစစ်၍ အဆင့်ဆင့်ဆောင်ရွက် တင်ပြရမည်ဖြစ်သဖြင့် နောက်မှဖြေကြားပေးနိုင်မည်ဖြစ်ကြောင်း ၀န်ကြီးဦးမြသိန်းက ဖြေကြားခဲ့သည်။

ထိုနေ့က ကျင်းပသည့်လွှတ်တော်အစည်းအဝေးတွင် ငှက်ပျောခြံအရေးနှင့် ပတ်သက်ပြီး ဗန်းမော်မြို့နယ်၊ မဲဆန္ဒနယ်(၁)မှ ဦးအောင်သင်း(ခ) ဦးဇော်သင်းလည်း မေးခွန်းမေးမြန်းခဲ့သည်။

၎င်း၏မေးခွန်းမှာ ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောများစိုက်ပျိုးနေမှုသည် ကချင်ပြည်နယ်  ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ မှတ်ပုံတင်ထားခြင်းရှိမရှိ သေချာစစ်ဆေးရန်အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။

ဦးအောင်သင်း၏ မေးမြန်းချက်ကို ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးဝေလင်းဖြေဆိုရာတွင်  ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဌာန၌ ကုမ္ပဏီမှတ်ပုံတင်ထားသော်လည်း တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ခွင့်ပြုမှတ်ပုံတင်ထားခြင်းမဟုတ်သည့်အတွက် ကုမ္ပဏီအားလုံးသည် ငှက်ပျောစိုက်ပျိုးရန် ခွင့်ပြုချက်မရှိသော ကုမ္ပဏီများသာဖြစ်ကြောင်း၊  စိုက် ပျိုးမြေ ဧကများ အနေဖြင့် သွားရောက်နိုင်သည့်နေရာများကို စာရင်းပြုစုထားသည်မှာ ဧကလေးသောင်းခွဲခန့်ရှိကြောင်း ၊ နယ်မြေလုံခြုံရေးအရ သွားရောက်နိုင်ခြင်းမရှိသည့် နေရာများမှ စိုက်ပျိုးမြေများသည်လည်း တရားမ၀င်ကြောင်း ဖြေကြားခဲ့ပါသည်။

တစ်သျှူးငှက်ပျော စိုက်ခင်းတွင် အသုံးပြုသည့် ပလပ်စတစ်များကို စနစ်တကျစွန့်ပစ်ခြင်းမရှိ၍ ဒေသခံများ     အကြား အငြင်းပွားဖွယ်ဖြစ်နေကြောင်း၊ ငှက်ပျောစိုက်ခင်းများသည် ကြီးထွားလာနိုင်သည့် ပြဿနာဖြစ်ပြီး   အခြားပြည်နယ်နှင့်တိုင်းများသို့လည်းပျံ့နှံ့နေသော ပြဿနာဖြစ်သည့်အတွက် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှသင့်ပြီဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မှတ်ချက်ပြုပြောကြားခဲ့သည်။

ကချင်ပြည်နယ်တွင် ကုမ္ပဏီလုပ်ငန်းရှင် ၃၁ ခုမှ မြေဧရိယာ ၃၃၈၁၅ ဒသမ ၄၄ ဧကတွင် တစ်သျှူးငှက်ပျောစိုက်ပျိုး ထားသည်ကို ပြည်နယ်အစိုးရအနေဖြင့် စိစစ်တွေ့ရှိရကြောင်း၊ အခွန်ရရှိမှုမှာ ကျပ်သိန်း လေးထောင်နီးပါးခန့် (၃၇၄၂၈၂၇၀၀) ကျပ်ပေးဆောင်ထားကြောင်း ၀န်ကြီးဦးမြသိန်းက ပြောကြားခဲ့သည်။

ငှက်ပျောခြံများအရေးနှင့်ပတ်သက်၍ ဦးနော်လီက ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တစ်ကြိမ်၊ အဋ္ဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တစ်ကြိမ်၊ ယခုတစ်ကြိမ်စုစုပေါင်းသုံးကြိမ်တိုင် မေးမြန်းခဲ့ကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here