ဖေဖော်ဝါရီ၊၁၉
ဗန်းမော်မြို့ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက မြေပြင်စစ်ကူအင်အားပို့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က မြေပြင်အဆက်အသွယ်မရှိတော့ဘဲ လေယာဉ်နဲ့လာချပေးတဲ့ အစားအသောက်၊ လက်နက်၊ ကျည်ဆံတွေနဲ့ပဲ အဓိကထား ခုခံနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။
“စကစ တပ်ဘက် အစားအသောက်တွေ၊ လက်နက်တွေ၊ ကျည်ဆန်တွေကို လေယာဉ်နဲ့လာချပြီး တိုက်နေကြတယ်။ မြေပြင်လမ်းပိုင်း အဆက်အသွယ်ကတော့ ဘယ်မှာမှ မရှိတော့ဘူး။ အကုန်လုံး ဝိုင်းထားပြီ ဖြစ်တဲ့အတွက် သူတို့ဘက်က မြေပြင် အင်အားဖြည့်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် လေယာဉ်ကနေ ချပေးတာကိုပဲ အဓိကထားပြီး ခုခံတိုက်ခိုက်နေတယ်။“လို့ ဆိုပါတယ်။
စကစ ၂၁ တပ်ဘက်မှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် စစ်ကောင်စီဘက်က လေယာဉ်၊ ဒရုန်းတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဆက်လက်ပြောပါတယ်။
” စကစ တပ်ကတော့ ဒရုန်းနဲ့ လေယာဉ်ကို အဓိကထားပြီး ခုခံတိုက်ခိုက်နေတယ်။ လက်နက်ကြီးနဲ့လည်း တိုက်ပေမဲ့ အနီးကပ် တိုက်ပွဲဖြစ်တဲ့အတွက် ဒရုန်းနဲ့ လေယာဉ်ကို အားစိုက်ပြီး ခုခံတိုက်ခိုက်နေတယ်။ KIA အဖွဲ့အနေနဲ့လည်း ရရှိအောင် အားစိုက်ပြီး တိုက်ခိုက်နေတဲ့ အချိန်ဖြစ်ပါတယ်။“လို့ ပြောပါတယ်။
KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မှာရှိတဲ့ စကခ ၂၁ တပ်စခန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းအရ သိရတာပါ။
ဗန်းမော်မြို့ဘက်က စခန်းသိမ်းပိုက်ရရှိမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၃၆၆ကို ဖေဖော်ဝါရီလ ၂ရက်နေ့ ညနေပိုင်းမှာ အပြီးအစီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာတော့ ကန်တော်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း အပြီးအစီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဗန်းမော်အမြောက်တပ် ၇၀၀၆ တပ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ လေတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းအရ ထပ်မံသိရှိရပါတယ်။
ဗန်းမော်မြို့အတွင်းက စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ တိုက်ခိုက်နေခဲ့တာ အခုဆိုရင် အချိန်နှစ်လခွဲလောက် ရှိနေပြီဖြစ်ပြီး မြို့နေရာအများစုကို KIA ပူးပေါင်းတပ်တွေကနေ ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။
KIA ပူးပေါင်းအဖွဲ့တွေအနေနဲ့ ဗန်းမော်မြို့အနီး မံစီမြို့ကိုတော့ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ဒီနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ တစ်လတာ ထိုးစစ်ဆင်ခဲ့ပြီး ကျန်ရှိနေတဲ့ မံစီအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ၆၀၁၊ ၃၅၂(အမြောက်တပ်ရင်း)တို့ကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။







