မြစ်ကြီးနား၊ မေ ၂၉
မြစ်ဆုံဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရသော ကျေးရွာများဖြစ်သည့် အောင်မြင်သာနှင့် မလိယန်ကျေးရွာများအား ACHC ကုမ္ပဏီမှ မေလ ၂၉ ရက်တွင် ကျပ်သိန်း ၃၀၀ ခန့် တန်သော လူမှုကူညီရေးကားများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မလိယန်နှင့် အောင်မြင်သာစံပြကျေးရွာတွင် လူမှုကူညီရေးကားများ မရှိမဖြစ်လိုအပ်နေကြောင်း ရွာသားများက တောင်းဆိုခဲ့ခြင်းကြောင့် ပေးအပ်ခြင်းဖြစ်ကြောင်း မလိယန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်အောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။
“လိုကိုလိုအပ်နေတာ မလိယန်ရွာမှာက လူသေရှိရင် လူတွေပဲထမ်းရတာ ကားမရှိလို့။ ဝေးလည်း အရမ်းဝေးတယ်။ ပုပ်စော်တွေနံဆိုတော့ အဆင်မပြေဘူး။ ဒါကြောင့် ခင်ဗျားတို့ပြောင်းရွှေ့ထားတဲ့ရွာ ဖြစ်တဲ့အတွက် ခင်ဗျားတို့ကူညီပေးပါ။ ကျွန်တော်တို့ လိုအပ်နေတယ်၊ ကြိုက်လို့တောင်းတာ မဟုတ်ဘူး။ လိုလို့ တောင်းတာလို့ပြောပြီး တောင်းယူခဲ့တာ”ဟု ဦးနော်အောင်က ဆက်ပြောသည်။
မြစ်ဆုံ ပြန်လည်နေရာချထားရေးကျေးရွာများအတွက် ACHC ကုမ္ပဏီမှ လူမှုကူညီရေးကားများနှင့် အအေးခန်းခေါင်းတလားများကို ပေးအပ်လှူဒါန်းခြင်းအပေါ် မြစ်ဆုံအရေးလှုပ်ရှားသူ ဒေါ်ဂျာခေါန်က စိုးရိမ်မိသည်ဟု ဆိုသည်။
“ကျွန်မတို့ရွာမှာ ဒီကုမ္ပဏီရောက်လာတာက မြစ်ဆုံမှာ ဆည်စီမံကိန်းလုပ်မယ်ဆိုပြီး ရောက်လာတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ဒီနေ့ဆိုရင် မြစ်ဆုံရပ်ဆိုင်းထားတာလည်း ၇ နှစ်ပြည့်တော့မယ်။ ဒေသခံတွေလည်း မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေတာ ဒေသခံတွေသာမကဘဲနဲ့ အားလုံးက ကန့်ကွက်နေချိန်မှာ အခုချိန်ထိကူညီပေးတာက သူတို့အတွက်လည်း မကောင်းဘူးထင်တယ်။ ကျွန်မတို့ကလည်း မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့သူတွေဖြစ်တယ်။ သူတို့ ကူညီပေးရမယ်တာဝန်တော့ ရှိတယ်။ ဒါပေမဲ့တစ်နေ့နေ့မှာအကြွေးတောင်းလာမှာကို စိုးရိမ်တယ်”ဟု ဒေါ်ဂျာခေါန်ကပြောသည်။
ACHC ကုမ္ပဏီက “ကျွန်တော်တို့တွေ အခုလိုကူညီတာက မြစ်ဆုံရေကာတာ ပြန်စလုပ်မယ် မလုပ်ဘူးဆိုတာနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ရွာဖြစ်တဲ့အတွက် ကူညီပေးတာဖြစ်တယ်”ဟု ACHC ကုမ္ပဏီမှ မြစ်ကြီးနားရုံးတာဝန်ခံက ပြောကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နောင်းချိန်းကျေးရွာအုပ်စု ၁၄ ရွာတွင် နာရေးကူညီမှုကား တစ်စင်းသာရှိခြင်းကြောင့် အခက်အခဲဖြစ်နေ၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ACHC ကုမ္ပဏီမှ တာဝန်ရှိသူများရောက်ရှိချိန်တွင် ကားနှင့်လျှပ်စစ်နှင့်တွဲသုံး သော မှန်လုံအအေးခန်းခေါင်းတလားကို တောင်းဆိုခဲ့ကြောင်း သိရသည်။
လဖိုင်လု







