ဘွဲ့ရမောင်မယ် အယောက် ၄၀၀ ကျော်ကို မွေးထုတ်ထားပြီဖြစ်တဲ့ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU)

100
ဓါတ်ပုံ- KSCU

 

ဖေဖော်ဝါရီ ၊၂၃

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) က ဘွဲ့နှင်းသဘင်အခမ်းအနား သုံးကြိမ်အတွင်း ဘွဲ့ရမောင်မယ် အယောက် ၄၀၀ ကျော်ကို မွေးထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဘွဲ့ရမောင်မယ် ၂၀၅ ဦး မွေးထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနားမှာ KSCU တက္ကသိုလ်ရဲ့ အဓိပတိဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က ဘွဲ့ရမောင်မယ်တွေကို ရရှိတဲ့အတတ်ပညာ အသိပညာတွေကို အသုံးပြုပြီးတော့ အခြားသူတွေကို မြှ့င်တင်ပေးဖို့နဲ့ ကွာဟချက်တွေကို ပေါင်းကူးပေးဖို့အပြင် တရားမျှတတဲ့ အနာဂါတ်ကို ဖန်တီးတည်ဆောက်သွားကြဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KSCU တက္ကသိုလ်ဟာ မကြည်သောရေကို ကြည်အောင်လုပ်မယ်ဆိုတဲ့ လူစွမ်းကောင်း စိတ်ဓာတ်တွေ ထွန်းကားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ဟာ တော်လှန်ရေးကာလအတွင်း KIO ထိန်းချုပ်ရာ၊ လိုင်ဇာမြို့မှာ ၂၀၂၂ ခုနှစ်အတွင်း ပေါ်ပေါက်လာတဲ့တက္ကသိုလ်ဖြစ်ပြီး ဘွဲ့နှင်းသဘင် ၂ ကြိမ်အထိ ကျင်းပခဲ့တုန်းကလည်း ဘွဲ့ရမောင်မယ် ၂၀၀ ကျော်ကို မွေးထုတ်ပေးခဲ့ပါတယ်။

လက်ရှိ စာသင်နှစ်အထိ KSCU မှာ School of Medical Sciences(SMS) ဆေးပညာ သိပ္ပံတက္ကသိုလ်၊ School of Nursing Sciences (SNS) သူနာပြုသိပ္ပံ တက္ကသိုလ်နဲ့ School of Technology (SOT)နည်းပညာသိပ္ပံတက္ကသိုလ်၊ School of Economics(SOE) စီးပွားရေး တက္ကသိုလ်၊ School of Arts and Sciences(SAS) ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အပြင် School of Agriculture(SOA) စိုက်ပျိုးရေးတက္ကသိုလ် ဆိုတဲ့ တက္ကသိုလ် ၆ ခုကို ဖွင့်လှစ်သင်ကြား နေပါတယ်။

KSCU ဟာ ကျောင်းသူ/သားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အချိတ်အဆက်တွေ ရရှိစေဖို့ နိုင်ငံရပ်ခြားက အဆင့်မြင့်တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မှုတွေ အစဉ်လုပ်ဆောင်နေသလို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဂျာမနီနိုင်ငံ၊ Frankurt မြို့မှာရှိတဲ့ Goethe တက္ကသိုလ်နဲ့ အွန်လိုင်းကတဆင့် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ကြောင်း KSCU ဒုတိယအဓိပတိ ဒေါက်တာအောင်နိုင်သူနဲ့ ဆက်သွယ်မေးမြန်းချိန်က ဖြေကြားချက်အရ သိရှိရပါတယ်။

KSCU တက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ သင်ကြားရေး ဆရာ၊ဆရာမတွေဟာလည်း CDM ပြုလုပ်ထားကြတဲ့သူတွေဖြစ်ပြီး KSCU တက္ကသိုလ်ကို အာဏာမသိမ်းခင်‌ ရှေ့နှစ်တွေက တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေ၊GED၊ BECA ၊ IGCSE အောင်မြင်ထားသူတွေ လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရပါတယ်။

KSCU တက္ကသိုလ်ကို ကချင်ပြည်နယ်အတွင်းက အဆင့်မြင့် ပညာရေးအဖွဲ့အစည်း ၈ ခုကို ပေါင်းစည်းပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ မေလ ၃၁ ရက်နေ့က စတင် ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီးတော့ နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ပညာရပ်စုံသင်ကြားပို့ချတဲ့ မြေပြင်တက္ကသိုလ်ကြီးလည်း ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here