မြစ်ကြီးနား၊ မေ ၂၈
ယခုနှစ်ဧပြီနှင့် မေလအတွင်းက အသစ်တိမ်းရှောင်လာသည့် စစ်ရှောင်မိသားစုမှ ကျောင်းသားများသည် ကျောင်းဖွင့်ရာသီရောက်သည့်တိုင် မည်သည့်ကျောင်းတွင် အပ်နှံရမည်ကို မသိရသေးကြောင်း စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။
အစိုးရတာဝန်ရှိသူများက ကျောင်းသားစာရင်း လာရောက်ကောက်ခံသွားသော်လည်း ၎င်းတို့ တက်ရောက်ရမည့်ကျောင်းကို လာရောက်ပြောဆိုခြင်းမရှိခဲ့ဟု မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာ ကက်သလစ်ဘုရားကျောင်းရှိ စစ်ရှောင်စခန်းတာဝန်ခံ ဦးတန်ဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အခုချိန်ထိလည်း မသိရသေးဘူး။ နာမည်စာရင်းတွေက ကောက်ရုံသက်သက်ပဲ ကောက်သွားတယ်။ ဟိုတလောကတော့ ယာယီကျောင်းဆောင်ကို ပြည်နယ်အစိုးရကပဲ ဆောက်ပေးတော့မလိုလို ဘာလိုလိုနဲ့ ဘာဆိုဘာမှလည်းမသိရသေးဘူး။ နောက်ပြီးကလေးတွေအတွက် ဘာထောက်ပံ့ရေးပစ္စည်းမှလည်းမရဘူး”ဟု ဦးတန်ဂျာကပြောသည်။
ပြည်နယ်ပညာရေးမှူးရုံးမှ ရရှိသော စာရင်းများအရ မြစ်ကြီးနားမြို့နယ်တွင် ကျောင်းသား ၁၄၂၄ ဦး၊ တနိုင်းမြို့နယ်တွင် ၁၂၀ ဦး၊ ချီဖွေမြို့နယ်တွင် ၉၆ ဦး၊ မိုးကောင်းမြို့နယ် တွင် ၁၄၈ ဦးနှင့် ဗန်းမော်မြို့နယ်တွင် ၂၇၉၀ ဦး၊ စုစုပေါင်းကျောင်းသား ၄၅၇၈ ဦးရှိသည်ဟု သိရသည်။
ထို စစ်ဘေးရှောင်စခန်းများမှ ကျောင်းသားများ၏ ပညာရေးနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံးအနေဖြင့် ကချင်ပြည်နယ်အစိုးရ၏ အနီးကပ်လမ်းညွှန်မှုနှင့်အညီ လုပ်ဆောင်နေကြောင်း၊ အဆိုပါစခန်းများမှ ကျောင်းသားများကို ယခုပညာသင်နှစ်တွင် စာသင်ကြားနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဆရာတို့အနေနဲ့ကတော့ ကျောင်းသားရှိရင် ဆရာရှိရမယ်။ ဆရာရှိရင် စာသင်နိုင်ရမယ်။ ဒါကိုပဲ ဆရာတို့ လုပ်နိုင်တယ်။ တခြားအကူအညီတွေတော့ တောင်းထားတယ်။ ဥပမာ- အင်ဂျန်းယန်က ရွာလေးရွာမှာ ကျောင်းလေးကျောင်းရှိတယ်။ အဲဒါတွေက အခုလို ဒီဘက်ကို ပြောင်းလာကြတယ်ဆိုရင် အဲကျောင်းက ဆရာ ဆရာမတွေကို ဒီဘက်မှာတာဝန်ထမ်းဆောင်စေမှာပဲ။ ဆရာတို့က ဆရာ ဆရာမ ပေးမယ်၊ လိုအပ်တဲ့ ဗလာစာအုပ်တွေထောက်ပံ့မယ်။ ဒါပဲလုပ်နိုင်ပါတယ်”ဟု ဦးရဲအောင်က ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများမှ ကျောင်းသားများသည် ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်းများမှ ကျောင်းသားဖြစ်၍ ၎င်းတို့အတွက်ဘတ်ဂျက်မှာ ၎င်းတို့တက်ရောက်ခဲ့သည့် ကျောင်းများတွင် ချထားပေးကြောင်း၊ ယခုနှစ်ဘတ်ဂျက်ရေးဆွဲစဉ်က ၎င်းတို့အတွက် သီးသန့်ဘတ်ဂျက် ချကာ လုပ်ဆောင်ထားခြင်းမရှိခဲ့သဖြင့် ပညာရေးဌာနအနေဖြင့် အခက်အခဲဖြစ်ရကြောင်း ဦးရဲအောင်က ဆက်လက်ပြောကြားသည်။
“ဘာဖြစ်လို့လဲဆိုရင် ဒီကလေးတွေကလည်း ဆရာတို့ကျောင်းကနေပဲ ရောက်လာတာဆိုတော့ သူတို့အတွက်ရယ်ဆိုပြီး သီးသန့်ချပေးထားတာမျိုးမရှိဘူး။ တစ်ခုတော့ရှိတယ်၊ ဒီစစ်ရှောင်စခန်းတွေထဲက ရေရှည်နေသွားဖို့ရှိလာရင်တော့ ဌာနပိုင်ကျောင်းမှာ သီးသန့်တိုးချဲ့ဆောင်ဆောက်ပြီး ဖွင့်ပေးသွားဖို့တော့ ရှိပါတယ်။ နောက်ပြီး စစ်ရှောင်စခန်းတွေက ကျောင်းနဲ့နီးရင် အဲဒီကျောင်းတွေမှာလည်း ဘာမှမလိုဘဲ တက်ခွင့်ရှိပါမယ်”ဟု ဆရာကြီးရဲအောင်က ပြောသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တစ်ဖန်ပြန်လည် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဧပြီလဆန်းမှစတင်ပြီး ကချင်ပြည်နယ်အတွင်း လူဦးရေ ၆၈၀၀ ကျော်ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။
ထိုပဋိပက္ခများကြောင့် ကချင်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်အတွင်းမှ ဒေသခံများနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂ OCHA Myanmar မှ ထုတ်ပြန်ထားပါသည်။
ဆိုင်း(ကချင်မြေ)







