မုံးစီးမှာ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူနဲ့ ထိခိုက်သူတွေကို MNDAA အနေနဲ့ ဘယ်လိုတာဝန်ယူဆောင်ရွက်မယ်ဆိုတာ သိရဖို့ ဒေသခံတွေ စောင့်ဆိုင်းနေ

100

မတ်၊၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊မုံးစီးဒေသမှာ ကိုးကန့်တပ် MNDAA က သေနတ် ပစ်ခတ်တာကြောင့် လူသေဆုံးသွားတဲ့ ဖြစ်စဉ်အတွက် သေဆုံးသူတွေနဲ့ ထိခိုက်သူတွေအတွက် ဘယ်လို တာဝန်ယူဆောင်ရွက်ပေးမလဲဆိုတာ စောင့်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAA ဘက်က ဖြစ်စဉ်မှာပါဝင်တဲ့ ဒေသခံတချို့နဲ့ တွေ့ဆုံပြီး ဖြေရှင်းသွားဖို့ စီစဉ်နေပြီးတော့ ဒေသခံတွေဘက်ကလည်း ဒီကိစ္စကို ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမှာလဲဆိုတာကို စောင့်ဆိုင်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒီနေ့တော့ သူတို့ ဒီဖြစ်ပွားတဲ့ ဒေသခံတချို့ကို တွေ့ဆုံဖို့ဆိုပြီးပြောတယ်။ဒီဘက် KIA/KIO ဘက်ကလည်း အရာရှိတွေရော ဒေသခံတွေနဲ့ ဆိုင်တဲ့ ဒီကိစ္စကိုမေးမြန်းပြီး ဘယ်လို ဖြေရှင်းပေးမလဲတော့ မသိသေးဘူး။ အခုတော့မတွေ့သေးဘူး တွေ့ဖို့ပြင်နေကြတယ်။ အခု ကျွန်တော်တို့ကတော့ သူတို့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို စောင့်နေတာဟုတ်တယ်။လို့ ဒေသခံကဆိုပါတယ်။

ရွှေမတူးဖို့တားမြစ်ထားတဲ့ နမ်လင်းခပတ်ဝန်းကျင်နားက လယ်ယာမြေမှာ ကိုးကန့်တပ်ဘက်က ဘက်ဟိုးတွေနဲ့ တူးဖော်နေတာကြောင့် အနီးနားက ကျေးရွာဒေသခံကော်မတီတွေက သွားရောက်တားမြစ်ရာကနေ အချေအတင်ဖြစ်ပွားခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းရွာနဲ့ ကချင်ရွာက ကော်မတီဝင်တွေနဲ့ ဒေသခံအယောက် ၄၀ ဝန်းကျင်လောက် တက်လာပြီးတော့ ရွှေမတူးဖို့ သွားရောက်ပြောဆိုတဲ့အချိန် အငြင်းပွားမှုဖြစ်ပွားပြီးနောက် ကိုးကန့်တပ်ဘက်က အင်အားနဲ့လာရောက်ပြီး အခုလိုပစ်ခတ်လာတာဖြစ်ကြောင်း ဖြစ်စဉ်ကိုလည်း ဒေသခံက ပြောပြပါတယ်။

ကျွန်တော်တို့တက်လာတဲ့အချိန် ကိုးကန့်တွေက တကယ်တူးနေတော့ ကျွန်တော်တို့လည်း သွားပြောပြီးတော့ အဲဒီမှာ အငြင်းပွားမှုခိုက်ရန် နည်းနည်းဖြစ်ပွားတာ။အဲဒီက သူတို့ ခေါင်းဆောင်တစ်ဦးက ကားနဲ့ပြန်သွားပြီးတော့ စစ်ကြောင်းသွားပြန်ခေါပြီး အဲဒီဒီစစ်ကြောင်းက ကျွန်တော်တို့ကို လာပစ်တာဟုတ်တယ်။ မဟုတ်တော့ဘူးဆိုပြီး ကားနဲ့ပြေးသွားတော့လည်း အဲဒီမှာ လိုက်ပစ်တာ။ို့ ဒေသခံက ရှင်းပြပါတယ်။

ဒေသခံတွေ လာရောက်ပြောဆိုတဲ့အချိန် အင်အား ၂၀ ဝန်းကျင်လောက်ရှိတဲ့ တပ်သားတွေက သေနတ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မနေ့ညကလည်း ရုပ်အလောင်းတွေကို မုံးစီးမှာရှိတဲ့ MNDAA ရုံးမှာ သွားပြပြီးတော့ အင်အားသွားပြခဲ့တယ်လို့လည်း ဆိုပါတယ်။

ရွှေမတူးဖို့ တားမြစ်ထားတဲ့နေရာမှာ ရွှေတူးတာကို သွားရောက်ကန့်ကွက်ရင်း အချေအတင် ဖြစ်ခဲ့ကြတဲ့နောက် ပြန်တဲ့လမ်းမှာ MNDAA တပ်သားတွေက သေနတ်နဲ့ပစ်ခတ်တဲ့အတွက် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တာကို ကြားသိရပြီးတော့ အသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ပြောပါတယ်။

အဲဒီနေရာမှာ ရွှေတူးလို့ မတူးဖို့တားတဲ့အခါကျ သူတို့ကလက်နက်နဲ့ဘာနဲ့ညာနဲ့ မောင်းတွေတင်တယ် ခြိမ်းခြောက်တာတွေလုပ်တယ်တဲ့။ အဲဒါကြောင့် ပြည်သူလူထုတွေက အဲဒီရဲဘော်ကို အဲဒါမလုပ်နဲ့လို့ပြောပြီးမှ သေနတ်တွေကို ပြန်လုတယ်တဲ့။ အဲဒီမှာ အချေအတင် ဖြစ်သွားတာပေါ့။ အဲဒါက နံပါတ် ပေါ့နော်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်ကတော့ ပြီးသွားပြီ အဆင်ပြေပြီတဲ့။ အဲဒီကနေ ပြန်သွားတဲ့လမ်းမှာ MNDAA စစ်သားတွေကတော့ သေနတ်နဲ့ပြန်ပစ်လို့ အခုလိုမျိုး ပြည်သူလူထု ဦးဒဏ်ရာရပြီးမှ ဦးကတော့ သေဆုံးသွားတယ်ဆိုတာ ကနဦး ပေါ့နော်။ ကြားရပါတယ်။ကျွန်တော့်အနေနဲ့ သီးခြားအတည်ပြုလို့တော့မရဘူး။ အခုလည်း စုံစမ်းနေ ဆဲပဲဖြစ်ပါတယ်ခင်ဗျ။ လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

MNDAA တပ်သားတွေ ပစ်ခတ်လို့ သေဆုံးသွားသူထဲမှာ KIA တပ်သား ၂ ဦးလည်းပါဝင်တယ်လို့ ပြောဆိုနေကြပေမဲ့ KIO/KIA ဘက်ကတော့ သီးခြားအတည်ပြုနိုင်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ဦးတို့ဟာ ကချင် အမျိုးသားတွေဖြစ်ပြီးတော့ ထိခိုက်သူတွေထဲ အခြေအနေ စိုးရိမ်ရသူနှစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ သေဆုံးသူ အရပ်သား ၆ ဦးရဲ့ ရုပ်ကလပ်ကို ကျေးရွာအစုအဝေးနေရာမှာ ထားရှိထားပြီးတော့ ဒီကိစ္စကို ဘယ်လိုတာဝန်ယူ ဆောင်ရွက်ပေးမလဲဆိုတာကို စောင့်ဆိုင်းနေတာ လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ရွှေမတူးဖော်ဖို့ တားမြစ်ထားတဲ့ နမ့်လင်းချောင်းအနီးက လယ်မြေနေရာဟာ မုံးစီးဒေသက စိုးက်ပျိုးရေးအတွက် အရေးပါတဲ့ နေရာဖြစ်တဲ့အတွက် ကျေးရွာတွေစုပေါင်းပြီး ရွှေမတူးဖော်ဖို့ တားမြစ်ပြီး စာတင်ပြတောင်းဆိုထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here