မိုင်းနား KBC စစ်ရှောင်စခန်းမှာ World Food က လစဉ်ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာထောက်ပံ့ငွေ မရရှိတော့တာ ၃ လရှိပြီ

98
မိုင်းနား KBC စစ်ရှောင်စခန်း

 

မတ်၊၁၃

ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာမှာရှိတဲ့ KBC စစ်ရှောင်စခန်းက ပြည်သူအယောက် ၂,၀၀၀ ကျော်ဟာ World Food က လစဉ်ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာထောက်ပံ့ငွေ မရရှိတော့တာ ၃ လရှိပြီဖြစ်ပြီး အခက်အခဲတွေရင်ဆိုင်နေရပါတယ်။

လစဉ် လူဦးရေစာရင်း လာကောက်တဲ့အချိန် ဘယ်လိုကြောင့် ထောက်ပံ့ငွေ မရှိသလဲဆိုပြီး မေးမြန်းတဲ့အခါ ဆက်လက်ထောက်ပံ့ဖို့ အစီစဉ်ရှိတယ်လို့သာ ပြောဆိုပြီး မနှစ်ကဒီဇင်ဘာလကတည်းက အခုထိ ထောက်ပံ့ငွေမရသေးကြောင်းနဲ့ တခြားအလှူရှင်တွေလည်း မရှိဘူးလို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

ခက်တယ်ဆိုတာထက် အခုကခက်ခဲလွန်းတဲ့ အခြေအနေရောက်နေပြီ။ အခုကျွန်တော်ကြားရသလောက်ကတော့ တချို့က ဆန်ပြုတ်ပြုတ်သောက်တဲ့ မိသားစု တော်တော်များတယ်တဲ့။ အရင်ကတော့ အပြင်ထွက်ရှာဖွေစားလို့ရသေးတယ်။ အခုကတော့ ဘယ်မှသွားလို့မရတဲ့ တချို့လူတွေကတော့ စားရေးသောက်ရေး အရမ်းခက်ခဲသွားပြီ။လို့ တာဝန်ခံက အခက်အခဲကို ရှင်းပြပါတယ်။

တစ်နေ့တစ်ခြား ဆိုးရွားလာတဲ့ နိုင်ငံရေးအခြေအနေကြောင့် နေ့စားအလုပ်ဖြစ်တဲ့ ပန်းရံနောက်လိုက်တွေ၊ လက်သမားလုပ်တဲ့သူတွေနဲ့ စိုက်ခင်း/လယ်ခင်းတွေမှာ အလုပ်လုပ်တဲ့သူတွေလည်း အလုပ်အကိုင် လည်းရှားပါးလာပြီး ငွေဝင်ရဖို့နည်းလမ်းတွေလည်း မရှိတာကြောင့် အဆင်ပြေအောင် မျှဝေစားသောက်နေရတယ်လို့လည်း ဆိုပါတယ်။

စခန်းအတွင်း တစ်နိုင်တစ်ပိုင်ဈေးဆိုင်ဖွင့်တာ၊ စက်ချုပ်တာ၊ ဝက်မွေးမြူတာနဲ့ သုံးဘီးမောင်းတာ စတဲ့အလုပ် လုပ်ကိုင်သူတွေအဖို့တော့ အနည်းငယ်အဆင်ပြေကြပေမဲ့ အလုပ်မရှိတော့တဲ့ မိသားစုတွေ၊ ကလေး၊ အသက်ကြီးရွယ်အိုတွေ၊ နာတာရှည်ဖျားနာနေသူတွေရှိတဲ့ မိသားစုတွေ ကတော့ အခက်အခဲတွေ ပိုမိုရင်ဆိုင်နေရတာပါ။

စစ်ရှောင်စခန်းက တာဝန်ရှိ လူကြီးတွေအနေနဲ့လည်း စားနပ်ရိက္ခာကိစ္စကို ဖြေရှင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားမှုတွေ မရှိပေမဲ့ အခြေအနေအရ စားစရာမရှိတော့တဲ့ အခြေအနေကို ကြုံတွေ့နေရတဲ့ မိသားစုတွေအနေနဲ့ စခန်းတာဝန်ရှိသူတွေဆီ လာရောက်အကြောင်းကြားလာရင်တော့ တတ်နိုင်တဲ့ဘက်က စီစဉ်ပေးဖို့ စဉ်းစားထားတယ်လို့လည်း ကြားသိရပါတယ်။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး၊ တစ်ပြည်နယ်လုံးက ပြည်သူတွေအားလုံး ခက်ခဲနေကြတဲ့ အချိန်ဖြစ်တာကြောင့် အကူအညီတောင်းဖို့ မဝံ့ရဲပေမဲ့ စစ်ရှောင်တွေက အချိန်ကြာလာလေ မျှော်လင့်ချက်မဲ့လာလေ ဖြစ်နေတာကြောင့် တတ်နိုင်တဲ့ဘက်က ဆက်လက်ကူညီပေးကြဖို့ စစ်ရှောင်စခန်းတာဝန်ခံက စစ်ရှောင်တွေကိုယ်စား တောင်းဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ကူညီပေးခဲ့ကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ အခုလည်း မိမိမှာရှိတာလေးနဲ့ တတ်နိုင်သလောက်လေး ဆက်လက်ပြီး ကူညီပေးမှ ကျွန်တော်တို့ အဆင်ပြေနိုင်မှာဖြစ်လို့ ကူညီပေးကြပါ။ အားလုံးဒီဒုက္ခဆင်းရဲထဲက အမြန်လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ လို့ တာဝန်ခံက ဆက်လက်ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ World Food ကထောက်ပံ့ပေးတဲ့ လစဉ်ထောက်ပံ့ရိက္ခာငွေ တစ်ဦးကို ကျပ် ၃၀,၀၀၀ ဝန်းကျင် ရရှိနေကြတာဖြစ်ပြီး မနှစ်က ဒီဇင်ဘာလကစပြီးတော့ အခုထိ မရရှိကြသေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ထောက်ပံ့ရိက္ခာငွေ ၇၀ ရာခိုင်နှုန်း ရရှိတဲ့သူတွေကတော့ သာမန်လူတွေဖြစ်ပြီး ၁၀၀ ရာခိုင်းနှုန်းရရှိတဲ့ သူတွေကတော့ အသက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ နာတာရှည်ဖျားနာသူတွေနဲ့ အခြားမိသားစုထက် ပိုခက်ခဲတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

စခန်းအတွင်းရှိ ပြည်သူတွေရဲ့ကျန်းမာရေးအတွက် KBC အသင်းချုပ်က ကျန်းမားရေးအဖွဲ့ကနေ တစ်လကိုနှစ်ကြိမ်လောက် လာရောက်စစ်ဆေးပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စတွေကို ဟောပြောတာ၊ အသိပညာပေးတာတွေနဲ့ ကူညီကုသပေးတာတွေရှိလို့ အဆင်ပြေတယ်လို့လည်း စစ်ရှောင်တွေဆီက သိရပါတယ်။

အခုလို လစဉ်ရိက္ခာထောက်ပံ့ငွေကို မရတဲ့သူတွေကတော့ မိုင်းနား KBC စစ်ရှောင်စခန်းတစ်ခုထဲသာမက တစ်ပြည်နယ်လုံးရှိ အာဏာမသိမ်းခင်နှစ်တွေကတည်းက စစ်ရှောင်ခဲ့ကြတဲ့ စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအားလုံး ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် နောက်လ ဧပြီလကစပြီး စစ်ရှောင်တွေကို ထောက်ပံ့ကူညီမှုအားလုံးကို တရားဝင် ရပ်နားလိုက်တော့မယ်လို့ သတင်းတွေလည်း ပျံနှံ့နေတယ်လို့ ဆိုပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here