မတ်၊ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးစီးဒေသမှာ ရွှေတူးဖော်မှုကိုတားဆီးရင်း ကိုးကန့်တပ်(MNDAA) ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး တောင်းဆိုချက်တချို့ကို အထက်အဆင့်မှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်သွားတဲ့သူတွေရဲ့ ဆေးကုသစရိတ်နဲ့ သေဆုံးသွားသူတွေနဲ့ ပတ်သက်တဲ့တန်ဖိုး(BungLat Hka)အပြင် အပြစ်ပေးအရေးယူမှုတွေကို အထက်အဆင့်မှာ ဆွေးနွေးနေဆဲဖြစ်ကြောင်း ပြောဆိုတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဆေးကုဖို့ တရားစီရင်တာနဲ့ (Bunglat Hka)တန်ဖိုးတွေကတော့ အထက်ကနေ ဘာမှ မပြောလာသေးဘူး။သူတို့အထက်အဆင့်မှာ ဆွေးနွေးနေသေးတာပေါ့။ အခုသုံးယောက်က ဆေးရုံဆင်းပြီ။ သုံးယောက်ကတော့ ဆေးကုသခံယူနေသေးတယ်။“ လို့ ဒေသခံကဆိုပါတယ်။
သေဆုံးသွားတဲ့ အရပ်သား ၆ ဦးကို မတ်လ ၇ ရက်နေ့က ဂူသွင်းမြုပ်နှံတာတွေ ရပ်ရွာလူထုက ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီနေ့က ကျသင့်တဲ့ ကုန်ကျစရိတ်တွေကိုတော့ MNDAA ခရိုင်ရုံးကနေ တာဝန်ယူပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ၆ ဦးထဲက ၃ ဦးကတော့ ဆေးရုံဆင်းပြီဖြစ်ပြီး ကျန် ၃ ဦးကတော့ ဆေးကုသနေဆဲ အခြေအနေဖြစ်သလို ဆေးကုသစရိတ်တွေကိုတော့ အရပ်ကနေ ဝိုင်းဖွဲ့ကူညီပေးထားတာတွေအပြင် ချေးငှားပြီးတော့ ကုသမှုတွေ လုပ်ဆောင်ထားတာလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို တရားစီရင်ဖို့အတွက်လည်း ဆွေးနွေးနေဆဲဖြစ်ပြီး အပြစ်ပေးမှုကို အရပ်သားတွေရှေ့မှာ ဆောင်ရွက်ပေးဖို့နဲ့ အရပ်သားတွေ သွားရောက် နားထောင်လိုကြောင်း ပြောဆိုထားတယ်လို့လည်း ပြောပါတယ်။
“တရားစီရင်တဲ့နေ့ ကျွန်တော်တို့ကိုလည်းပြောပါ ကျွန်တော်တို့လည်း သွားကြည့်မယ်လို့ ပြောထားတယ်။ သူတို့ရုံးချုပ်မှာဆိုတော့ လောက်ကိုင်မှာဖြစ်မယ်လို့ ပြောတယ်။ လောက်ကိုင်ဘက်ဆိုလည်း ဒီခရိုင်ကနေ ပြည်သူတွေကို ခေါ်သွားပေးပါ သွားကြည့် သွားနားထောင်မယ်လို့တော့ ပြောထားတာပေါ့နော်။“ လို့ ဒေသခံက ဆက်လက်ပြောပါတယ်။
ဖြစ်စဉ်နောက်ပိုင်း ပြည်သူတွေနဲ့ ဆွေးနွေးခဲ့ကြပြီး ရွှေမတူးဖို့ တားမြစ်တဲ့နေရာမှာ နောက်နောင် ရွှေမတူးဖော်ဖို့ကိုလည်း ခရိုင်အဆင့်က သဘောတူပေးခဲ့တယ်လို့ ဆိုပါတယ်။
မုံးစီးဒေသအတွင်းက ရွှေမတူးဖော်ဖို့တားမြစ်ထားတဲ့ နမ့်လင်းခပတ်ဝန်းကျင်နားမှာ ကိုးကန့်တပ်(MNDAA) ဘက်က ရွှေတူးဖော်နေတာကြောင့် မတ်လ ၅ ရက်နေ့ အနီးနားက ကျေးရွာကော်မတီဝင်တွေ သွားရောက်တားမြစ်ရာကနေ အချေအတင်ဖြစ်ပွားခဲ့ကြပြီး MNDAA တပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။







