ဇွန် ၅
နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပေါင်းစည်းထားသည့် ကချင်နိုင်ငံရေးပါတီသုံးခုမှ ကချင်ဒီမိုကရက်တစ်ပါတီ(KDP)ဥက္ကဋ္ဌ ဦးအောင်ခမ်း(ခ)ဦးအောင်ဝါ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးတွင် ကချင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ) စသည့်သုံးပါတီတို့၏ ကိုယ်စားဦးအောင်ခမ်း ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားခြင်း ဖြစ်သည်။
၎င်းတို့ ၃ ပါတီသည် ပါတီပေါင်းစည်းရေးအတွက် သဘောတူညီမှုများ ရရှိထားပြီး ပါတီအသစ်၏ နာမည်၊ အလံတို့ကို ရွေးချယ်ထားပြီးလည်းဖြစ်ကာ အမည်ကို Kachin People’s State Party (ကချင်ပြည်နယ် ပြည်သူ့ပါတီ)ဟုပေးရန် ကနဦးသဘောတူညီထားကြောင်း သိရသည်။
ပါတီတရားဝင်ဖြစ်ရေးအတွက် ဇွန်လကုန်ပိုင်းမှ ရွေးကောက်ပွဲကောင်မရှင်သို့ မှတ်ပုံတင်မည်ဖြစ်သည့်အတွက်ယှဉ်ပြိင်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်ခမ်း၏ မိခင်ပါတီအမည်ဖြင့်သာ ဝင်ယှဉ်ပြိုင်ရန် သဘောတူညီထားသည်ဟုလည်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောသည်။
“သုံးပါတီကိုယ်စား ဝင်ပြိုင်မယ်။ နောက်ပိုင်းကျတော့ KSPP ကိုယ်စားဖြစ်မှာပေါ့။ ခုပေါင်းစည်းထားတဲ့ ပါတီအသစ်က မှတ်ပုံတင်မရသေးတော့ ပူးပေါင်းပါတီအနေနဲ့ပေါ့ မှတ်ပုံတင်ရအောင်တော့ ဆက်လုပ်ရမှာပေါ့။ အခုကတော့ သူ့မိခင်ပါတီ IDP အနေနဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်မှာပါ”ဟု ဒေါက်တာတူူးဂျာကပြောသည်။
ဝင်ရောက်ယှဉ်ပြိင်ရန်ရွေးချယ်ရာတွင် ပူးပေါင်းထားသည့် ၃ ပါတီအနေဖြင့် ကျား/မခွဲခြားခြင်းမျိုး မဟုတ်ကြောင်း၊ IDP အနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒရှိခြင်းကြောင့် ရွေးချယ်ခဲ့ကြခြင်းဖြစ် သည်ဟုလည်း ၎င်းကထပ်မံပြောကြားသည်။
ဦးအောင်ခမ်းသည် လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက ဆွမ်ပရာဘွမ်မြို့နယ်မှ လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။
၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့် နေ့ရက်အားကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်အတွက် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)၊ မြစ်ကြီးနားမြို့နယ်တွင် လစ်လပ်နေသည့်အတွက် ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။
ယခင်က ယင်းနေရာတွင် မြစ်ကြီးနားတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ အငြိမ်းစားဌာနမှူး၊ ဆရာမကြီး ဒေါ်ရှီလာနန်တောင်က တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းသည် ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။
Salai







