ဖားကန့်ဒေသ၊ မော်ဝမ်းလေးရွာအနီး တိုက်ပွဲဖြစ်ပွားနေ

81

ဇွန်၊၁၆

ဖားကန့်ကျောက်စိမ်းတွင်းဒေသ မော်ဝမ်းလေးကျေးရွာအနီးမှာ ဒီကနေ့ ညနေ ၄ နာရီခန့်က စပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်ဝမ်းလေးကျေးရွာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ကို မော်ဝမ်းကြီးကျေးရွာထိပ်ကနေ KIA/KPDF ပူးပေါင်းတပ်တို့က ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ရင်း နှစ်တိုက်ပွဲဖြစ်ပွားနေတာလို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မော်ဝမ်းလေးမှာ ရောက်နေပြီလေ။ KIAတွေ မော်ဝမ်းကြီး ရွာထိပ်ကနေ ပစ်နေတာ အခုလည်းပစ်နေတယ် ဆက်တိုက်ပဲ။အထက်ပါ အမျိုးသားက ပြောပါတယ်။

မော်ဝမ်းလေးကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆွတ်ငိုင်ယန်ကျေးရွာနဲ့ ဖားကန့်စစ်ကောင်စီတပ်မကုန်းက ဖြစ်တယ်လို့ သိရပါတယ်။

မော်ဝမ်းလေးကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်လာတဲ့အတွက် ဒေသခံတွေ အကုန်နီးပါး ရှောင်နေကြရတယ်လို့ မော်ဝမ်းလေးဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေသခံတွေအကုန်နီးပါး ရှောင်ကုန်ပြီ။ တစ်ရွာလုံး စစ်ကောင်စီတပ်တွေအပြည့်ပဲ။ စစ်ကောင်စီတပ်တွေက ကျေးရွာထဲကနေ ပစ်နေတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတဲ့နောက်ပိုင်း လုံးခင်းကျေးရွာနဲ့ အနီးတစ်ဝိုက်ရွာတွေမှာ နေ့စဉ်နီးပါး စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က စစ်ကောင်စီပူးပေါင်းတပ်တွေကနေ မြစ်ကြီးနား-ဖားကန်လမ်းအတိုင်း စစ်ကြောင်းထိုးတက်လာတာဖြစ်ပြီး မေလ ၂၇ ရက်နေ့မှာ ဖားကန့်ကို ထိုးဖောက်ဝင်ရာက်နိုင်ခဲ့တာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here