ဒီဇင်ဘာ၊ ၁၆
အိန္ဒိယနဲ့ KIA ကြား မြေရှားသတ္တုတူးဖော်ရေးနဲ့ပတ်သက်လို့ သဘောတူညီထားတယ်ဆိုတဲ့ကိစ္စဟာ မဟုတ်မှန်ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်အခြေစိုက် Silicon Valley Times သတင်းဌာနက အိန္ဒိယနဲ့ KIA ဟာ မြေရှားသတ္တုတူးဖော်ရေးအတွက် သဘောတူညီမှုရထားတယ်ဆိုပြီး တင်ပြခဲ့တာပါ။
“အိန္ဒိယဘက်မှာ မြေရှားသတ္တုနဲ့ စာချုပ်ချုပ်တယ်ဆိုတာ ကျွန်တော်တို့ KIO အနေနဲ့တော့ ဘာမှ စာချုပ်ချုပ်တာမရှိဘူး။ ဆွေးနွေးတာလည်းမရှိဘူး။ တာဝန်ပေးထားတယ်လို့လည်း မရှိပါဘူးလို့ ပြောလိုတာပါ။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
Silicon Valley Times ကတော့ ဂြိုလ်တုဓာတ်ပုံတွေနဲ့ နယ်စပ်ထောက်လှမ်းရေး အချက်အလက်တွေအရ ချီဖွေကနေ အိန္ဒိယထိ မြေရှားသတ္တုပို့ဆောင်ဖို့ ၃၆၅ ကီလိုမီတာ ရှိတဲ့လမ်းကို ဖောက်လုပ်ထားတယ်လို့ ရေးသားထာပါတယ်။
အပြန်အလှန်အနေနဲ့ အိန္ဒိယက KIA ကို လက်နက်တွေ၊ ဆေးဝါးအကူအညီတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေပေးမယ့်အကြောင်း သဘောတူထားတယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း အဲဒီကိစ္စဟာ မမှန်ဘူးလို့လည်း ပြည်တွင်း မီဒီယာတစ်ချို့ကို ဖြေထားပါတယ်။
အဲဒီလို သတင်းထွက်ပေါ်ပြီးနောက်ပိုင်းမှာတော့ စစ်အုပ်စုရဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်၊ အိန္ဒိယစစ်သံမှူးတို့ဟာ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။







