တနိုင်းမြို့နယ်အတွင်းက ရွှေမှော်/ပယင်းမှော်တွေဘက်သွားတဲ့ လမ်းကြောင်းတွေကို စစ်ကော်မရှင်ပိတ်ထား

39

ဒီဇင်ဘာ၊၂၉

တနိုင်းမြို့နယ်အတွင်းက ရွှေမှော်/ပယင်းမှော် တွေဘက်သွားရာ လမ်းကြောင်းတွေကို စစ်ကော်မရှင်က ပိတ်ထားလိုက်ပါတယ်။

စစ်ကော်မရှင်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အခုလိုပိတ်ထားတာ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးဆီကနေ သိရပါတယ်။

တနိုင်းမြို့နယ်တွင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၂ သွားရာ ကုန်းလမ်းနဲ့ ရေကြောင်းလမ်း၊ လပူခရွှေမှော်သွားရာ ရေကြောင်းလမ်းနဲ့ ကုန်းလမ်းတွေကို ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး ပိတ်ပင်လိုက်တာဖြစ်တယ်လို့ အထက်ပါစစ်ရေးသတင်းအရင်းအမြစ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မဖွင့်ဘူး လမ်းတွေပိတ်ထားတာ။ ရေကြောင်း၊ကုန်းကြောင်း အကုန်ပိတ်ထားတယ်။ လို့ ဆိုပါတယ်။

အခုလိုလမ်းပိုင်းတွေ ပိတ်ပင်ထားတာဟာ KIA နဲ့ စစ်ကော်မရှင်ကြား ပယင်းမှော်ဒေသဘက် စစ်ရေးတင်းမာနေပြီး စစ်ကော်မရှင်ဘက်ကနေ နေ့တိုင်းနီးပါး ထိုးစစ်ဆင်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

KIA ဘက်ကနေ ပယင်းမှော်ဒေသက ရေကန်တောင်နဲ့ လပူခရွှေမှော်သွားရာလမ်းက ဝေလောမှော် KIA တပ်စခန်းကို စစ်ကော်မရှင်ဘက်ကနေ သိမ်းပိုက်ထားတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်ကလည်း ရေကန်တောင်နဲ့ ပွိုင့် ၃၂၁ မှာ တပ်စွဲထားတဲ့ ဝေလောဂိတ်စခန်းနဲ့ ကာကင်းစခန်း ပင်မတပ်စခန်းကြီးတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး KIA တပ်သား အလောင်း ၉ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဝေလောစခန်း(ဒေသအခေါ်) ရခိုင်ကုန်းမှာ စ နှစ်ဖက်တပ်ဘက်ကနေ ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်နေကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဘက်ကနေ KIA တပ်ရင်း ၁၄ ဘက်ကို လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ ခြေလျင်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရေကန်တောင်ကို KIA ဘက်မှ လက်လွတ်ခဲ့ရပြီးတော့ လက်ရှိချိန်ထိ နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

ပယင်းမှော်အဝင်မှာရှိတဲ့ KIA ဂိတ်ရဲ့ ညာဘက်ကို ဝင်သွားရင် ရေကန်တောင်မှော်ရှိတာဖြစ်ပြီး ဂိတ်တည့်တည့်ဆက်သွားရင်တော့ မုန်ညှင်းကုန်း၊ဖားအိုင်၊တရုတ်ဆိုဒ်၊လုပ်ကွက် ၇ စတဲ့ ပယင်းမှော်တွေ ရှိတယ်လို့သိရပါတယ်။

တနိုင်းမြို့၊မိုင်းခွန်ကျေးရွာကနေထွက်လာရင် ရေကြည်ချောင်းရွှေမှော်ရဲ့ ဘယ်ဘက်လမ်းဟာ လပူခ၊ စံလွန်မှော်တို့လို ရွှေမှော်တွေနဲ့ နမ်ဗျူကျေးရွာကို သွားတာဖြစ်ပြီး ရေကြည်ချောင်းမှော် ရဲ့ ညာဘက်လမ်းကနေ သွားရင်တော့ ပယင်းမှော်လုပ်ကွက်တွေရှိပါတယ်။ မိုင်းခွန် ကျေးရွာမှာတော့ စစ်ကော်မရှင်ရဲ့ ဂိတ်ရှိတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here