ဩဂုတ်၊ ၁၃
မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်း ၅ ခုမှာ ရေဘေးသင့်သူ ၁ ဒသမ ၃ သန်းရှိနိုင်တယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ စောင့်ကြည့်ရေး အင်စတီကျု (ISP-Myanmar) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဂြိုဟ်တုပုံရိပ်တွေကိုအခြေခံပြီး Myanmar Information Management Unit (MIMU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအပါအဝင် ISP-Myanmar ရဲ့ ဒေတာအချက်အလက်တွေကို ပေါင်းစပ်တွက်ချက်ထားတာလို့ ဆိုပါတယ်။
တွက်ချက်ထားမှုအရ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်ကနေ ဩဂုတ် ၁၁ ရက်အတွင်း မိုးများပြီး ရေကြီးတာကြောင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင်တာကို တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်အစမှာ ပဲခူး၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ရေကြီးတာတွေ စကြုံခဲ့ပြီး ဇူလိုင်နှောင်းပိုင်းမှာတော့ ဧရာဝတီတိုင်းက လေးမျက်နှာအပါအဝင် မြို့နယ် ၁၄ ခုမှာ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဩဂုတ် ၇ ရက်ကစပြီး စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၂ ခုထက်မနည်းမှာလည်း ရေဘေးဒဏ် ခံနေကြရသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်က ဒေသတချို့မှာလည်း ရေကြီးမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းအုပ်စု ဦးမင်းအောင်လှိုင်အစိုးရရဲ့ သဘာဝဘေးကယ်ဆယ်ရေး အစီအမံတွေဟာ ချက်ချင်းတုံ့ပြန်နိုင်စွမ်း အားနည်းသလို နေရာအနှံ့ လွှမ်းခြုံနိုင်စွမ်းလည်း မရှိသေးဘူးလို့ ISP က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်ကလည်း လူဦးရေ ၅ ဒသမ ၆ သန်းကျော် ရေဘေးသင့်ခဲ့ပြီး ရေကြီးမှုကို နှစ်စဉ်ကြုံနေရပေမဲ့ ကြိုတင်ကာကွယ်နိုင်စွမ်းမှာ ဘက်ပေါင်းစုံချည့်နဲ့နေတုန်းပဲလို့ ISP က ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိရေကြီးနေတာနဲ့ပတ်သက်လို့လည်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကလည်း အရေးပေါ်ရေဘေးတုံ့ပြန်ရေးလုပ်ငန်းတွေ စတင်လိုက်ပြီလို့ ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။
“ရေကြီးတာက ထပ်ခါတလဲလဲဖြစ်နေကျ ဘေးအန္တရာယ်တစ်ခုဆိုပေမယ့်၊ ဒီနှစ်မှာတော့ တခြား အကျပ်အတည်းမျိုးစုံကြောင့် အတော်လေးကို ရုန်းကန်နေရတဲ့ ပြည်သူတွေကို ပိုမို ဒုက္ခရောက် စေပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံမှုအခြေအနေ အပြည့်အစုံကိုလည်း ဆက်စာရင်း ကောက်ယူနေပြီး ရေဘေးသင့် မိသားစုတွေဆီ အချိန်မီ အဟန့်အတားမရှိ သွားရောက်ကူညီခွင့်ရရှိဖို့နဲ့ အရေးပေါ်ရန်ပုံငွေတွေ ရရှိဖို့ကလည်း အရေးကြီးနေတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။






