အင်းတော်ကြီးဒေသဘက်မှာ ငှက်ဖျားအဖြစ်များလာ

16
ပုံဟောင်းဖြစ်ပါသည်။

ဩဂုတ်၊၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်းကျေးရွာတွေဘက်မှာ ငှက်ဖျားရောဂါ အဖြစ်‌များနေတယ်လို့ သိရပါတယ်။

မိုးစဝင်ကတည်းကနေ လက်ရှိအချိန်ထိ ကျေးရွာတော်တော်များများမှာ ငှက်ဖျားဖြစ်ပွားတာနဲ့ တုပ်ကွေးဖြစ်ပွားမှုတွေ များနေတာလို့ ကန်အနောက်ကမ်းဒေသ ကျေးရွာတစ်ခုနေ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီဘက်မှာက အင်းများလို့လည်းဟုတ်တယ်။ ပိုပြီးတော့မှ အနောက်ကမ်းဘက်မှာ မိုးနည်းနည်း ရွာတာနဲ့ ရေဝပ်လို့ ငှက်ဖျားဖြစ်နှုန်းများတယ်။ ခြင်လည်းတအားပေါတယ်။ မိုးစဝင်ထဲက အခုထိ ဟုတ်တယ်။ ငှက်ဖျားနဲ့ တုပ်ကွေးပေါ့။” လို့ဆိုပါတယ်။

အင်းတော်ကြီးဒေသမှာ ရှေ့နှစ်တွေကတော့ PV အသည်းငှက်ဖျားပိုးသာ အတွေ့များပေမဲ့ ဒီနှစ်မှာ‌တော့ PF ဦးနှောက်ငှက်ဖျားပိုးတွေ အတွေ့များလာတယ်လို့လည်း သိရပါတယ်။ လတ်တလောဆိုရင် ကလေးတွေရော လူကြီးတွေမှာပါ တုပ်ကွေးဖြစ်ပွားတာလည်း များနေတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက ဆေးခန်းတွေမှာ ဆေးစစ်ပြီး လိုအပ်တဲ့ဆေးနဲ့ အားဆေးတွေ အပါဆိုရင် ကျပ် တစ်သိန်းကျော်လောက်ကုန်ကျနေပြီးတော့ ဆေးတွေကို ပုဂ္ဂလိကဆေးဆိုင်၊ဆေးခန်းတွေမှာပဲ ရနိုင်တယ်လို့လည်း သိရပါတယ်။

လက်ရှိ ဒေသတွင်းက ဂိတ်တွေမှာတော့ ဆေးပစ္စည်းတွေကို စစ်ဆေးမှုတွေရှိပေမဲ့ တင်းကျပ် ထားတာတော့ မရှိဘူးလို့လည်း သိရပါတယ်။

ကန်အနောက်ကမ်းဒေသဘက်မှာ ချောင်းဝ၊ညောင်ပင်၊နန့်မီးလောင်၊မိုင်းနောင်၊နမ့်မတဲ၊ လုံးတုံ၊ လွဲမွန်၊ ကုန်းမန၊ နမ့်တောင်းဆယ်-စတဲ့ ကျေးရွာတွေပါဝင်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် အင်းတော်ကြီးကန် အရှေ့ကမ်းဒေသတွေဘက်မှာလည်း ငှက်ဖျားဖြစ်ပွားမှုတွေရှိပေမဲ့ အနောက် ကမ်းက ကျေးရွာတွေဘက်မှာတော့ ပိုပြီးအဖြစ်များတယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်က မြို့နယ်တွေမှာ ငှက်ဖျားအဖြစ်များမှုတွေရှိနေပြီး တချို့ဒေသတွေမှာဆိုရင် ဆေးဝါးရရှိဖို့ ခက်ခဲတာတွေနဲ့ ဈေးမြင့်တက်တာတွေ ရှိနေတာပါ။

ကချင်ပြည်နယ်မှာ အများဆုံး တွေ့ရတဲ့ ပိုးကတော့ PV ငှက်ဖျားပိုးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကနေ အခုနှစ်အတွင်း ငှက်ဖျားအဖြစ်များလာတာနဲ့ ဆေးတွေရဖို့လည်း ပိုခက်လာတာ တွေ့ရတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

Health Cluster Myanmar ကလည်း ကချင်ပြည်နယ်အပါအဝင် ချင်း၊ ကရင်၊ ကရင်နီ (ကယား)၊ မကွေး၊ ရခိုင်၊ စစ်ကိုင်းနဲ့ တနင်္သာရီတို့မှာ ငှက်ဖျားရောဂါကူးစက်မှု ပိုမြင့်တက်လာနေပြီး ရောဂါကူးစက်မှုအမျိုးအစားကလည်း ရိုးရိုးငှက်ဖျားကနေ ပြင်းထန်ငှက်ဖျားရောဂါ ဖြစ်ပွား နိုင်ခြေမြင့်တဲ့ အမျိုးအစားအဖြစ် သိသိသာသာ ပြောင်းလဲလာတယ်လို့ ဇူလိုင်လထုတ် အစီရင်ခံ စာမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒေသတွင်း ဈေးကွက်ထဲမှာ ငှက်ဖျားကုသဖို့သုံးတဲ့ အခြေခံပေါင်းစပ်ဆေးဝါး (ACTs) ရရှိနိုင်မှု နည်းပါးတာကလည်း အခြေအနေကို ပိုခက်ခဲစေပြီး ငှက်ဖျားစစ်တဲ့ပစ္စည်းတွေနဲ့ ဆေးစိမ်ခြင်ထောင်တွေ ရရှိနိုင်မှုကလည်း အလွန်နည်းပါးနေတာကြောင့် ငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အဟန့်အတားဖြစ်စေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here